Wednesday, May 25, 2011

မြို့နယ်အုပ်ချုပ်ရေးအရာရှိ၏ ငွေကြေးကောက်ခံမှုကို ပညာရေးဝန်ထမ်းများ မကျေနပ်ဖြစ်နေ

ရိုးမ ၃

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးနိုင်က မြို့နယ်အတွင်းရှိ စာသင်ကျောင်းအားလုံးကို ဥပဒေအရ ဓါတ်ပုံရိုက်ရမည်ဟုဆိုတာ ငွေသိန်းချီကောက်ခံသည့်အတွက် ပညာရေးဝန်ထမ်းများ မကျေမနပ်ဖြစ်နေကြသည်။

ပြီးခဲ့သည့် ၂၀၁၀ ဇူလိုင်လမှ စ၍ ကောက်ယူခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ မူလတန်းကျောင်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ အားလုံးအတွက် ကျောင်းအုပ်များထံက ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း မြို့ပေါ်ပညာရေးဝန်ထမ်းတဦးက ပြောသည်။

“ကျောင်းတွေအားလုံးကို ဥပဒေအရ ကျောင်းအရှေ့၊ အနောက်နဲ့ ကျောင်းဘေးပတ်လည် ဓါတ်ပုံတွေရိုက်ရမယ်ဆိုပြီး ဓါတ်ပုံဖိုး တကျောင်းကို (၆၀၀၀) ခြောက်ထောင်ကျပ် တောင်းတာ၊ အခုအထိ ဓါတ်ပုံလည်း မရဘူး၊ ငွေတွေလည်း ဘယ်ရောက်သွားတယ်ဆိုတာ မသိဘူး” ဟု ပညာရေးဝန်ထမ်းတဦးက ပြောသည်။

အင်္ဂပူမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း (၂၂၉) ကျောင်း၊ အလယ်တန်းကျောင်း (၉) ကျောင်းနှင့် အထက်တန်းကျောင်း (၅) ကျောင်းတို့မှ အဆိုပါ ငွေကြေးကို ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အင်္ဂပူမြို့ပေါ်တွင် အလားတူငွေကြေးကောက်ခံမှုများကို မြို့နယ်ရပ်ကွက် အာဏာပိုင်များကလည်း လုပ်ဆောင်နေလျှက်ရှိကြောင်း ဒေသခံတဦးက ပြောသည်။

“အင်္ဂပူမြို့ပေါ်က အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇီးကွက်က ရပ်ကွက်ထဲမှာ အိမ်ဆောက်ရင် သူက ငွေကြေးကောက်ခံတာ ရှိတယ်၊ အိမ်သာဆောက်ရင်လည်း တလုံးကို သုံးထောင် ကောက်မယ်လို့ ရာအိမ်မှူးတယောက်က ပြောထားတယ်” ဟု ပြောသည်။

ယခုလ (၂) ရက်နေ့က အင်္ဂပူမြို့အမှတ် (၁) ရပ်ကွက်၊ ချယ်ရီလမ်းနေ ဒေါ်မတ်မတ် (သွပ်မိုးအိမ်) ဆောက်လုပ်ရာ ငါးထောင်ကျပ်၊ နန္ဒ၀န်လမ်းမှ ဦးအောင်သန်း အိမ်သစ်ဆောက်သည်ကိုလည်း ဆယ်အိမ်မှူး တင်မောင်မှတဆင့် (၇၀၀၀) ကျပ်နှင့် ဒေါ်ဖိကျံ၏ ဝါးအိမ်ဆောက်လုပ်သည်ကိုလည်း ငွေကျပ် (၅၀၀၀) ပေးခဲ့ရသည်ဟု ဒေသခံက ဆက်ပြောသည်။

ယင်းကဲ့သို့ အာဏာပိုင်များ၏ အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံမှုများကြောင့် ဒေသခံများအနေဖြင့် မကျေနပ်မှုများရှိနေကြောင်း ဒေသခံက ပြောသည်။

No comments: