Saturday, May 28, 2011

ဆာဖာရီထဲမှာ ချိုကုပ်ဒူးကြီးကို ထားရစ်ခဲ့

ရန်ကုန်သားတာတေ

ရန်ကုန် အမျိုးသားပြတိုက်က ရွှေ့ယူလာသော ပလ္လင်ကြီးဖြင့် နေပြည်တော်ရှိ သမ္မတ ရုံးခန်းကြီးမှာ ခန့်ညားလှပနေသည်။ တဝင်းဝင်း တလက်လက် ပြိုးပြက် တောက်ပနေသော ပလ္လင်ကြီးကြောင့် ဦးရုက္ခစိုးပင် မျက်စိ ကျိန်းမတတ်ဖြစ်နေ၏။ ပလ္လင်ကြီးပေါ်တွင် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ချိုကုပ်ဒူးကြီးက အခန့်သား ထိုင်နေပြီး ပလ္လင်အောက်က ခုံပေါ်တွင်တော့ သမ္မတ ဦးသိန်းဂိန်က ရိုသေသမှုဖြင့် လက်အုပ်ကလေး ချီ၍ ချမှတ်မည့် အမိန့်ကို စောင့်ဆိုင်းနေသည်။ နတ်တန်ခိုးဖြင့် ဝင်လာသော ဦးရုက္ခစိုးကို သူတို့ မမြင်ကြပေ။

ချိုကုပ်။ ။ မောင်မင်း သိန်းဂိန်။ မောင်မင်းရဲ့ လုပ်ရပ်တွေထဲမှာ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စကို ငါကိုယ်တော်မြတ် ရွှေဘောတော် အကျဆုံးပဲကွဲ့။

သိန်းဂိန်။ ။ မှန်လှပါ … ဘုန်းတော်ကြောင့် ကျတဲ့ ရွှေဘောတော် ပြန်မတက်ရလေအောင် ဂရုစိုက်နေဆဲပါ ဘုရာ့။

ချိုကုပ်။ ။ အိမ်း … ကောင်းလေစွ … ကောင်းလေစွ။ မကောင်းလေတာ တခုကတော့ မောင်မင်း ပေါ့လျော့တဲ့ ကိစ္စ နည်းနည်း ရှိနေတယ်။ အဲဒီအတွက်တော့ ငါကိုယ်တော်ရဲ့ ရွှေဘောတော် ညှိုးနွမ်းတော်မူတယ် မောင်မင်း။

သိန်းဂိန်။ ။ အရှင့် ရွှေဘောတော် ညှိုးနွမ်းစေတဲ့အတွက် ကျနော်မျိုးကြီး သေသင့်ပါတယ်။

ချိုကုပ်။ ။ အေးအေး … သေစရာ မလိုပါဘူး။ ကိုယ့်အမှား ကိုယ်သိရင် ပြင်ပေါ့လကွယ်။

သိန်းဂိန်။ ။ ကျနော်မျိုးအနေနဲ့ ဘယ်နေရာပြင်ရမယ်၊ ဘယ်လိုပြင်ရမယ် ဆိုတာ အမိန့်ရှိတော်မူပါ။

ချိုကုပ်။ ။ မောင်မင်း အနေနဲ့ သိပ် အရဲကိုး လွန်းတယ်။ ပြည်နယ် ဝန်ကြီးချုပ်တွေကို သူတို့ဒေသတွေ အတွက် လုပ်ပိုင်ခွင့်တွေ လွှတ်ပေးတာ များလွန်းတယ်။ အဲဒီလို လုပ်ရင် နောက်တခါ ရွေးကောက်ပွဲကျ ငါကိုယ်တော်ရဲ့ ကြံ့ဖွံ့ပါတီတော်ကြီး မနိုင်တော်မူရင် ဘယ်လိုလုပ်မလဲ။ လုပ်ပိုင်ခွင့်တွေ ပြန်ရုပ်သိမ်းပါ။

သိန်းဂိန်။ ။ မှန်လှပါ … အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး သိမ်းလိုက်ပါမယ်။ စိတ်ချတော်မူပါ။ ဒါပေမယ့် ကြံ့ဖွံ့ ပါတီတော်ကြီး မနိုင်မှာတော့ မပူပါနဲ့ ဘုရာ့။

ချိုကုပ်။ ။ ဘာကြောင့်လဲကွယ့်။

သိန်းဂိန်။ ။ ဘာကြောင့်လဲ ဆိုတော့ ကျနော်မျိုးက မဲလိမ်၊ မဲခိုးတာတွေ အရမ်း အရမ်းကို ကျွမ်းပါတယ်။ အရင် နည်းလမ်း ဟောင်းတွေ မသုံးဘဲ နည်းသစ်တွေနဲ့ ဘယ်လို မဲခိုးရမယ်ဆိုတာလည်း လေ့လာနေပါတယ် ဘုရာ့။

ချိုကုပ်။ ။ ကောင်းလေစွ … ကောင်းလေစွ။ အခုလို … ငယ်ကျွန်ကြီးတွေ ရှိနေပေလို့ ငါကိုယ်တော်မြတ် အေးရာ အေးကြောင်း နေနိုင်တာပဲ။ တခြား ဘာလျှောက်တင်စရာ ရှိသေးလဲ မောင်မင်း။

သိန်းဂိန်။ ။ တခြားတော့ မရှိပါဘူး ဘုရာ့။ ဟို ဗုံးကွဲတဲ့ ကိစ္စတို့၊ နယ်စပ်မှာ ခရီးသည်တင် ကားတွေ ပစ်ခတ်ခံရတဲ့ ကိစ္စတို့ ...။

ချိုကုပ်။ ။ သယ် … ရိုင်းလိုက်လေ။ မြန်မာ့အမှောင် သတင်းစာတော်ကြီးထဲမှာ အမြန်ဆုံးထည့် ...။ ဒါ သောင်းကျန်းသူတွေ လက်ချက်ပါလို့။

သိန်းဂိန်။ ။ မှန် … မှန်လှပါ။ နောက် ရှိသေးတယ် ဘုရာ့။ ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတချို့ အစာငတ်ခံ ဆန္ဒ ပြနေတာ ...။

ချိုကုပ်။ ။ မောင်မင်း … သိန်းဂိန် … မောင်မင်းက ငါ့ငယ်ကျွန်ကြီးတွေထဲမှာ အပြောင်ဆုံးမို့လို့ သမ္မတ ရာထူး ခန့်ထားတာနော်။ တိုင်းပြည်မှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးဆိုတာ ဘယ်နှခါ ပြောရမလဲ။ နောက်တခါ ဆိုရင်တော့။

သိန်းဂိန်။ ။ ကျနော်မျိုးကြီး သေသင့်ပါတယ်။

ချိုကုပ်။ ။ မသေနဲ့ဦး။ ဒီကိစ္စ လွယ်လွယ်လေးပဲ။ အကုန်လုံးကို လူစုခွဲ … ရှင်းပစ်။ ငါကိုယ်တော်မြတ် ဒါတွေ မကြားချင်ဘူး။

သိန်းဂိန်။ ။ မကြားချင်ရင် မကြားစေရပါဘူး ဘုရာ့။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ဆွေးနွေးပွဲလည်း ပြီးပါပြီ။ သဘာဝ ပတ်ဝန်းကျင် ကိစ္စလည်း လုပ်ပြီးပါပြီ။

ချိုကုပ်။ ။ အဲဒါတွေက ဘာတွေတုန်း။ ငါကိုယ်တော် တခါမှတောင် မကြားဖူးဘူး။

သိန်းဂိန်။ ။ ကျနော်မျိုးကြီးလည်း မကြားဖူးပါဘူး ဘုရာ့။ သမ္မတဖြစ်တဲ့ အချိန်မှာ အလုပ် အရမ်းလုပ်နေတယ်ဆိုတာ နိုင်ငံတကာက သိရအောင် အကြံပေးအဖွဲ့ ပြောတဲ့အတိုင်း လုပ်ကြည့်တာ။

ချိုကုပ်။ ။ ဒီတော့ ဘာတွေများ ထူးခြားလာလဲ။

သိန်းဂိန်။ ။ ထူးခြားတာကတော့ သူများက မြှောက်ပေးလို့ ဆွေးနွေးပွဲမှာ ည ၇ နာရီအထိ သွားထိုင်လိုက်တာ၊ ဆီးချုပ် ဝမ်းချုပ် ဖြစ်သွားပါတယ်။

ချိုကုပ်။ ။ ဒါဆို အာယုဒီဃ သောက်လေ … အဲ ဟုတ်ပါဘူး ယောင်ကုန်ပြီ။ ငါကိုယ်တော် မေးတာက တိုင်းပြည်အတွက် ဘာတွေ ထူးခြားလာလဲ … အဲဒါ ...။

သိန်းဂိန်။ ။ တကယ်တော့ ဒါတွေက လိုမှ မလိုတာပဲ ဘုရာ့။ တိုင်းပြည်က ဘုန်းတော်ကြောင့် ဖွံ့ဖြိုးတိုးတက် နေတာပဲဟာ။ နောက်ပြီးတော့ ဆင်းရဲတာက ရောဂါမှ မဟုတ်ဘဲ၊ ဘယ်လိုလုပ် တိုက်ဖျက်မလဲ ဘုရာ့။ အပိုတွေပါ။ ပတ်ဝန်းကျင် သမားတွေ ကလည်း သစ်ပင် ၃ သန်းစိုက်မယ် ဘာညာ ပြောကြတာပဲ။ တကယ်တော့ တိုင်းပြည်က ခုတ်လို့တောင် မကုန်သေးတဲ့ ဥစ္စာ။

ချိုကုပ်။ ။ သစ်ပင် စိုက်မယ်ဆိုလည်း … ကြက်ဆူပင် စိုက်ပေါ့။ မြန်လည်းမြန် … ယတြာ ခြေပြီးသားလည်း ဖြစ် … ဟုတ်ဘူးလား။

သိန်းဂိန်။ ။ ကျနော်မျိုးလည်း အဲဒီလိုပဲ စဉ်းစားထားပါတယ် ဘုရာ့။

ချိုကုပ်။ ။ ဒါနဲ့ မောင်မင်း … စိန တိုင်းက အစ်ကိုတော်တွေကို အရင်ဆုံးသွားပြီး ဂါရဝ ပြုဖို့ ကိစ္စ … ဘယ်လိုလဲ။

သိန်းဂိန်။ ။ မှန်လှပါ … ဘုန်းတော်ကြောင့် မနက်ဖြန် သွားတော့မှာပါ။

ချိုကုပ်။ ။ အိမ်း … အိမ်း … ဂွတ်လေစွ … ဂွတ်လေစွ။ အစ်ကိုတော် ဆွေမျိုး ပေါက်ဖော်တွေကို ပြောလိုက် … ငါကိုယ်တော်မြတ် နှုတ်ဆက်တော်မူတယ် … လို့။ အရေးကြီးတာ ရှိသေးတယ်။ စိန တိုင်းမှာ အစ်ကိုတော် ကင်အီးကျုံးလည်း ရောက်နေတယ် ကြားတယ်။ ဆက်သဖို့ လက်ဆောင်တော်တွေ မမေ့နဲ့ဦး။ ရိုရိုသေသေလည်း ဆက်ဆံခဲ့။

သိန်းဂိန်။ ။ စိတ်ချပါ … စိနက အစ်ကိုတော်တွေကိုကော … ခေါင်းရှောင်ကြီး ကင်အီးကျုံးကိုကော ကျနော်မျိုးက အဖေ … လို့ လေးလေးစားစား ခေါ်မှာပါ။

ချိုကုပ်။ ။ အောင်မလေး … ရွှေဘောတော် ကျလိုက်တာ။ ကဲ … စည်တော် ရွှမ်းလကွယ် … ငါကိုယ်တော်မြတ် စံမြန်းတဲ့ နေပြည်တော် ဆာဖာရီ ဥယျာဉ်တော်ကြီးကို ကြွချီတော် မူလိုက်ဦးမယ် ...။

ဦးသိန်းဂိန် ကုတ်ချောင်းချောင်းနှင့် ပြန်လစ်သွားပြီးနောက် ချိုကုပ်ဒူးကြီးမှာ ဆာဖာရီ တိရစ္ဆာန်ဥယျာဉ်သို့ အပြေးတပိုင်းနှင့် သွားလေတော့သည်။ ထိုအခါ ကိုယ်ရောင်ဖျောက်နေသော ဦးရုက္ခစိုးမှာ မည်သို့မျှ ငြိမ်မနေနိုင်တော့ဘဲ … ဝုန်းခနဲ ကိုယ်ထင် ပြလိုက် မိလေ၏။

ချိုကုပ်။ ။ သောက် ပလုပ်တုတ် ...။ ကလူ … ကလူ … ။ ဘယ်တုန်းက ရောက်နေတာလဲ … ဦးရုက္ခစိုးကြီးရဲ့။

ရုက္ခစိုး။ ။ ရောက်နေတာ ကြာပြီ။ ချိုကုပ်ဒူးကြီးတို့ ပြောနေတာတွေ နားထောင်ကောင်းလို့ နားထောင်နေတာ။ အခုမှ မေးချင်တာလေး ပေါ်လာလို့ ကိုယ်ထင်ပြလိုက်တာ။

ချိုကုပ်။ ။ ဘာမေးမှာလဲ … မြန်မြန်မေးဗျ။ ကျုပ်က ဆာဖာရီ ဥယျာဉ်ကြီးကနေ တဖဝါးမှ ခွာချင်တာ မဟုတ်ဘူး။ အခုတောင် သိန်းဂိန် ခရီးသွားခါနီး ပြောချင်တာလေးတွေ ရှိလို့ လာပြောတာ။

ရုက္ခစိုး။ ။ အဲဒါပဲ မေးမလို့လေ။ ဘယ့်နှယ် … ချိုကုပ်ဒူးကြီးက ဆာဖာရီ ဥယျာဉ်ထဲ သွားနေရတာလဲ … လို့။ တိရစ္ဆာန် တွေကို ချစ်လို့လား … ယတြာခြေတာလား။

ချိုကုပ်။ ။ မဟုတ်ပါဘူး။ ကျုပ် … ဆိုတဲ့ ချိုကုပ်ဒူးကြီးက … တိုင်းပြည်ကြီး တပါးကျွန်ဘဝက လွတ်လပ်ရေး ရတဲ့ အချိန် ကနေ အခုအချိန်အထိ ဘယ်ခေါင်းဆောင်မှ မလုပ်နိုင်တဲ့ အုပ်ချုပ်ရေးရုံးစိုက်ရာ မင်းနေပြည်တော်ကြီးကို တည်ဆောက် နိုင်ခဲ့တယ် (ဂုဏ်ယူစွာဖြင့် တလုံးခြင်း ပြောခြင်း ဖြစ်သည်) အဲဒီထဲက အထူးခြားဆုံးကတော့ တိုင်းပြည်ဘဏ္ဍာတွေကို သုံးချင်သလို သုံးပြီး တည်ဆောက်ခဲ့တဲ့ ဆာဖာရီ ဥယျာဉ်တော် ကြီးပါပဲ။

ရုက္ခစိုး။ ။ အဲဒီအတွက် ကုန်ကျမယ့် ပိုက်ဆံတွေကို ပညာရေးတို့၊ ကျန်းမာရေးတို့ … တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက် ထဲမှာ သုံးလိုက်ရင် ပိုကောင်းမယ်လို့ လူတွေက ဝေဖန်နေကြတယ်နော်။

ချိုကုပ်။ ။ ဟာ … ဝေဖန်ရေး ဆိုတာကတော့ နေရာတိုင်းမှာ ရှိနေတာပဲဗျ။ ဝေဖန်နိုင်ပါတယ်၊ ဝေဖန်နိုင်ပါတယ်၊ ကျုပ် ဝေဖန်ရေးကို ကြိုဆိုပါတယ်။ လုပ်တာ မလုပ်တာတော့ ကျုပ်အပိုင်းပေါ့နော်။

ရုက္ခစိုး။ ။ ဒီတိရစ္ဆာန်ရုံက ဘယ်လောက် အရေးကြီးလို့လဲဗျာ … ဒီထက် အရေးကြီးတာတွေ … ။

ချိုကုပ်။ ။ ဒီမှာ ဦးရုက္ခစိုး။ တိရစ္ဆာန်ရုံလို့ မပြောပါနဲ့ … ဆာဖာရီလို့ပဲ ခေါ်ပါ။ မြန်မာပြည်မှာ ဘယ်သူမှ မလုပ်နိုင်ခဲ့တဲ့ ဆာဖာရီကြီးကို ကျုပ် လုပ်နိုင်ခဲ့တယ်၊ ကျုပ် ဖန်တီးခဲ့တယ်၊ ကျုပ်တည်ဆောက်ခဲ့တယ်၊ ကျုပ် မွေးဖွားပေးခဲ့တယ်။ ကျုပ်ကို … ဆာဖာရီ ဖခင်ကြီးလို့တောင် ခေါ်နိုင်တယ်။ ဒါကြောင့် … ကျုပ်ဘဝကို ဆာဖာရီမှာ မြှုပ်နှံမယ် (အားနှင့် မာန်နှင့် ပြောခြင်း ဖြစ်သည်)

စကားတပြောပြောနှင့် လျှောက်လာရာ နေပြည်တော် ဆာဖာရီဥယျာဉ် အဝသို့ ရောက်လာလေပြီ ...။

ဦးရုက္ခစိုးက “ဒါဆိုလည်း ချိုကုပ်ဒူးကြီးကို ဆာဖာရီအဝမှာ ထားရစ်ခဲ့တော့မယ်” ဟု ပြောလိုက်ရာ ချိုကုပ်ဒူးကြီးက “ကောင်းပါပြီ အဆွေတော်” ဟု ပြန်ပြောရင်း ဝတ်လာသော ချိတ်ပုဆိုးကြီးကို ကွင်းသိုင်း၍ ဆာဖာရီဥယျာဉ်အတွင်း ပျော်ရွှင်စွာ ခုန်ပေါက် ဝင်ရောက် သွားလေတော့သတည်း။ ။

No comments: