Tuesday, May 31, 2011

ကလေးထောင်တွင် သံဃာ့ခေါင်းဆောင် အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ဆန္ဒပြ

ရိုးမ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးထောင်တွင် အကျဉ်းကျခံနေရသည့် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရနှင့် နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်းဆန္ဒပြမည့် သတင်းများထွက်ပေါ်နေခြင်းကြောင်း မိသားစုဝင်များကို ထောင်ဝင်စာ တွေ့ခွင့်ပိတ်လိုက်သည်။

အရှင်ဂမ္ဘီရက အစာငတ်ခံဆန္ဒပြမည့် အခြေအနေရှိနေသည့်အတွက် အာဏာပိုင်တွေဘက်က ထောင်ဝင်စာ တွေ့ခွင့်ပိတ်လိုက်တာခြင်းနှင့် ပတ်သက်ပြီး မေလ (၂၇) ရက်နေ့က ထောင်ဝင်စာသွားတွေ့ခဲ့သည့် အစ်မဖြစ်သူ မခင်သူဌေးက ပြောသည်။

“သူတို့ကပိတ်တာပေါ့ အရင်ဆိုလို့ရှိရင် တလကို ဒါ နှစ်ကြိမ်တွေ့ခွင့်ရတယ်လေ၊ ဦးဇင်းကိုတွေ့ချင်လို့မို့သာ သက်သပ်မဲ့ (၁၅)ရက် ပြည့်အောင် ထိုင်စောင့်နေရတာလေ အဲဒါ မတွေ့ခဲ့ရဘူး။ မတွေ့ခဲ့ရတာ အဲဒီထောင်ထဲကို နယ်မြေခံရဲနဲ့ အက်စ်ဘီလာမယ်တဲ့ အဲဒီ့ဝင်လာ ပြီးတော့ ဒီမှာတဲ့ ဒီနေ့ ဦးဇင်းတို့ ဆန္ဒပြမယ်ကြားလို့ လာကြတာ၊ သတင်းလာယူတာလို့ ပြောတယ် ပြီးရင်အက်စ်ဘီတွေလည်း ထပ်ပြီးရောက်လာကြအုံးမှာလို့ ပြောတယ်” ဟု မခင်သူဌေးက ပြောသည်။

မေလ (၁၁)ရက်နေ့က အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေးအကျဉ်းသား (၄)ဦးက အကျဉ်းထောင်အတွင်း ကျန်းမာရေး ပြုစုစောင့်ရှောက်မှုနှင့် အစားအသောက် အပြည့်အဝရရှိရေး၊ မိသားစုနဲ့ လွတ်လပ်စွာ စကားပြောဆိုခွင့် တယ်လီဖုန်းဆက်သွယ် စကားပြောခွင့်နှင့် အကျဉ်းထောင်လက်စွဲ စာအုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံရေးအကျဉ်းသား အခွင့်အရေးများ ရရှိရန် စသည့်အချက် (၆) ချက်ကို မြန်မာအစိုးရသစ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ တင်ပြတောင်းဆိုခဲ့သည်။

အဆိုပါတောင်းဆိုချက်များကို သက်ဆိုင်ရာက မလိုက်လျောပါက အစာငတ်ခံဆန္ဒပြမယ်ဟု အရှင်ဂမ္ဘီရကပြောကြားကြောင်း ပြီးခဲ့သည့်အပတ် ထောင်ဝင်စာ တွေ့ပြီးနောက် အစ်မဖြစ်သူ မခင်သူဌေးက သတင်းဌာနများကို ပြောကြားခဲ့သည်။

ယခုအပတ် သောကြာနေ့တွင် ထောင်ဝင်စာတွေ့ခွင့်မရသည့် အခြေအနေနှင့် အစားအသောက်၊ စာအုပ်၊ ပါဆယ်ပေးပို့ခဲ့သော်လည်း စားစရာများကို လက်ခံထားတာမရှိဘဲ ဖတ်စရာ စာအုပ်တွေကိုသာ အရှင်ဂမ္ဘီရကိုယ်စား အခြားတဦးက လက်မှတ်ထိုးလက်ခံခဲ့ခြင်းကြောင့် အစာငတ်ခံ ဆန္ဒပြနေ ခြင်းဖြစ်နိုင်သည်ဟု မဖြစ်သူ မခင်သူဌေးက ဆက်ပြောသည်။

“အစားအသောက်က အဲဒါ လက်ခံထားတာတော့ မတွေ့ရဘူး။ စာအုပ်စာတမ်းတွေကိုတော့ ဂေါက်ချစ်ပြီးတော့ လက်မှတ်ထိုးပြီး ယူထားတယ်ရှင့်၊ နယ်မြေခံရဲတွေ အက်စ်ဘီတွေ လာပုံ ထောက်ရင်တော့ အဲဒါ သေချာသလောက်ပဲလို့ ကျမတော့ထင်တယ်။ အစာငတ်ခံဆန္ဒပြကြမှာပေါ့”ဟု ပြောသည်။

အရှင်ဂမ္ဘီရအပါအ၀င် ဦးညီပု၊ ကိုဌေးအောင် (ခေါ်)ကိုအောင်မြတ်နှင့် ကိုမင်းမင်းထွန်းတို့ (၄)ဦး ရေးသားတောင်းဆိုခဲ့သည့်အချက် (၆)ချက်ပါ စာရွက်သည် ကလေးအကျဉ်းဦးစီးဌာနတံဆိပ်ဖြင့် ပြင်ပကို ရောက်ရှိခဲ့သည့်အတွက် ထောင်ဝန်ထမ်းအချို့ စစ်အဆေးခံရပြီး နယ်ပြောင်းခံရနိုင်ပြီး အရှင်ဂမ္ဘီရတို့အတွက်လည်း စိတ်ပူနေရကြောင်း မခင်သူဌေးက ဆက်ပြောသည်။

“၁၄ ရက်နေ့ တွေ့တဲ့နေ့က အက်စ်ဘီတွေလည်းမရှိဘူး ထောင်မှူး ထောင်ပိုင်တွေလည်းမရှိဘူး အဲဒီနေ့က ဗိုလ်ချုပ်သာအေးရောက်တဲ့နေ့ ဆိုတော့ အဲဒီကို သွားရတယ်ထင်ပါတယ်။ ၀န်ထမ်းအသစ် ကလေးတွေ (၄)ယောက်ပဲရှိတယ်။ ဟိုတယောက်ပြောတာတော့ နားမလည်လို့ ထုတ်ပေးလိုက်တယ် ထုတ်ခွင့်မရှိဘူး လို့ပြောတာပဲ။ အဲဒီကလေးတွေတော့ အတော်အကြပ်ခံနေရ တယ်ပေါ့နော်၊ အစစ်ဆေးခံနေရတယ်တဲ့ နယ်ပြောင်း ခံရမယ်လို့တော့ပြောတယ်။ ဒါဆိုလို့ ရှိရင် ဦးဇင်းတို့ကော ဖိအားပေးလားဆိုတော့ ဦးဇင်းတို့တော့ မပေးဘူးလို့တော့ပြောတာပဲ ဒါပေမယ့် စိတ်တော့ ပူတာပေါ့။ တွေ့ရမယ့်အချိန်မှာ မတွေ့ရတော့”ဟု ပြောသည်။

No comments: