Wednesday, May 25, 2011

ခရစ်ယာန်သို့ ကူးပြောင်းသော်လည်း ဆက်လက် ဖိနှိပ်ခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင် မိသားစု (၃၀) ခန့်မှာ အစ္စလာမ်ဘာသာမှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းသွားသော်လည်း အာဏာပိုင်များ၏ ဆက်လက် ဖိနှိပ်မူကို ခံနေရကြောင်း သတင်းများ ရရှိသည်။

ထိုကဲ့သို့ ဖိနှိပ်ခံနေရကြောင်းကို ဒေသခံ မွတ်ဆလင် အမျိုးသား တစ်ဦးက ယခုကဲ့သို့ ပြောသည်။

" သူတို့နေထိုင်တဲ့ ကျေးရွာက ပြိုင်းတောင် ကျေးရွာအုပ်စု တောင်ချောင် ကျေးရွာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက အမျိုးမျိုးခေါ်ယူ နှိပ်စက်တော့ ခရစ်ယာန်ဘာကို ကူးပြောင်းရင် သက်သာမလားဆိုပြီး အစ္စလာမ်ကနေ ခရစ်ယန်ဘာသာကို ကူးပြောင်း သွားကြတဲ့ သူတွ ဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း ဆက်ဖိနှိပ်ခံနေကြရတော့ သူတော့ တော်တော်စိတ်မကောင်း ဖြစ်နေကြပါတယ်" ဟု သူက ပြောသည်။

ပြိုင်တောင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးရွှေမောင်က သူတို့ထံမှ အကြောင်းအမျိုးမျိုးပြပြီး ငွေများ ကောက်ခံကာ ငွေပေးရန် ငြင်းဆန်သူများကို ဘင်္ဂလာဒေခ်ျ့သို့သွားသည်ဟု ဆိုကာ တရားစွဲ ထောင်ချ ထားကြောင်း သူက ပြောသည်။

" အခု ထောင် ၅ နှစ်စီ ချခံထားရတဲ့ သူနှစ်ဦးက အဘူအာလောင်နဲ့ ဆူနာမောက်တို့ဖြစ်ပါတယ်။ ဥက္ကဌ ဦးရွှေမောင်က သူတို့ကို လ၀က မူနဲ့ ဘင်္ဂလာကိုသွားတယ်ဆိုပြီး တရားစွဲဆိုတဲ့ အတွက် အခု ထောင်ကျနေပါတယ်။ ခုလို ဆက်လက် နှိပ်စက်ခံနေရတော့ ရွာသားတွေက အခက်အခဲတွေ ဖြစ်နေကြရပါတယ်" ဟု သူက ဆက်ပြောသည်။

ဦးရွှေမောင်သည် ညောင်ချောင်း ကျေးရွာ နစက စခန်းတည်ဆောက်ရန်ဟု အကြောင်းပြကာ ရွာသားများထံမှ တစ်အိမ်ထောင်ကို ငွေ ကျပ်၁၀၀၀ စီ ကောက်ခံပြီး ရရှိလာသော ငွေများကို သူ့မိသားစုအတွက် ဆန်စက် တည်ထောင်ထားသည်ဟု သူက ပြောသည်။

" ကျွန်တော်တို့ ပြိုင်တောင် အုပ်စုမှာ အိမ်ခြေပေါင်း ၃၀၀ ကျော်ရှိပါတယ်။ အရင်ကတော့ ရယက ဥက္ကဌ ဖြစ်ပါတယ်။ အခုတော့ အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။ သူက ငွေတွေကို မတရားကောက်ပြီး သူကိုယ်ကျိုးအတွက် ဆန်စက်တည်တယ်။ ဒါကို နစက သွားတိုင်ရင်လည်း အရေး မယူဘဲ ထားပါတယ်။"

ပြိုင်တောင်အုပ်စု တောင်ချောင်ကျေးရွာမှာ ဘူးသီးတောင်မြို့နယ် တောင်ဘက်တွင် တည်ရှိပြီး ညောင်ချောင်းကျေးရွာမှ (၃) မိုင်အကွာနှင့် သိမ်တောင်ပြင် ဒိုင်းနက်ရွာ အနီး တစ်မိုင် အကွာတွင် တည်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ မွတ်ဆလင် မိသားစု (၃၀) အစ္စလာမ်ဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်း သွားသည်မှာ ယခု အကြိမ်မှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

No comments: