Friday, May 20, 2011

ရထား ဗုံးကွဲမှုနှင့် ပတ်သက်ပြီး ၇ ဦး ဖမ်းဆီးထား

စည်သူ Friday, 20 May 2011

နေပြည်တော်ခရိုင် တပ်ကုန်းမြို့နယ် ရွှေမြို့နှင့် ဆင်သေ ဘူတာ အကြား မေလ ၁၈ ရက်က ရန်ကုန်-မန္တလေး အမှတ် ၃ အဆန် အမြန်လူစီးရထားပေါ်၌ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လူ ၇ ဦးကိုဖမ်းဆီးထားကြောင်း သတင်းတပ်ဖွဲ့နှင့်နီးစပ်သူတဦးက ပြော သည်။

ဖမ်းဆီးခံထားရသူများမှာ အသက် ၃၀ နှင့် ၅၀ ကြားရှိသူများဖြစ်ပြီး ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ရထား၏ တွဲအမှတ် ၃ တွင် လိုက်ပါစီးနင်းလာသူများ ဖြစ်ကြောင်း၊ ၎င်းတို့အား ယနေ့ ညပိုင်း၌ နေပြည်တော် ခရိုင် ရဲတပ်ဖွဲ့က စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် နေပြည်တော်တွင် လုံခြုံရေးတိုးမြှင့် တင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ရထားပေါ်ပါ ခရီးသည် ၂ ဦး သေဆုံး၍ ၉ ဦး ဒဏ်ရာရရှိကြောင်းနှင့် လူနာများအား တပ်ကုန်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ကုသထားကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

နေပြည်တော်ရှိ ၀န်ထမ်းတဦးက“လုံခြုံရေး တင်းကျပ်နေတယ်။ နေပြည်တော်ထဲက လမ်းတချို့မှာ လုံခြုံရေးတွေ ကင်းပုံးချထား တယ်။ ပျဉ်းမနားကော၊ တပ်ကုန်း ကော၊ လယ်ဝေးကော၊ သီရိငါးမြို့နယ်ပါ လုံခြုံရေး တင်းကျပ်ထားတယ်”ဟု ပြောပြသည်။

နေပြည်တော် ပရဆေးဥယျာဉ်ရှေ့တွင် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆေးခြင်း၊ တပ်ကုန်းမြို့ အ၀င်အထွက် ဂိတ်များတွင် ရှာဖွေစစ် ဆေးခြင်း၊ ရန်ကုန်မှ နေပြည်တော်အ၀င် စီ လမ်းဆုံထိပ်တွင် ရှာဖွေစစ်ဆေးခြင်းများပြုလုပ်လျက် ရှိကြောင်း၊ လယ်ဝေးမြို့ဗောဓိ ကုန်းလမ်းဆုံတွင်လည်း လုံခြုံရေးတပ်ဖွဲ့များက ခရီးသည်တင်ကားများ၊ အိမ်စီးကားများနှင့်ဆိုင်ကယ်များကို စစ်ဆေး၍ လူအမည်၊ နေရပ်နှင့် မှတ်ပုံတင်နံပါတ်များ တောင်းယူခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“စီ လမ်းဆုံဂိတ်၊ ဗောဓိကုန်းလမ်းဆုံနဲ့ တပ်ကုန်း အင်းသာဂိတ် တွေမှာ မိုင်းရှာကိရိယာတွေသုံးပြီး ကားတွေကို ရှာဖွေနေတယ်”ဟု မန္တလေးမှ နေပြည်တော်သို့လာရောက်သူ ခရီးသည်တဦးက ပြောသည်။

နေပြည်တော်ခရိုင်တခုလုံးရှိ ဟိုတယ်၊ တည်းခိုခန်းများကိုလည်း မသင်္ကာဖွယ်ရာရှိပါက သတင်းပို့ရန်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း ဧည့်စာရင်း စစ်ဆေးခြင်းများပြုလုပ်ရန် ညွှန်ကြားထားကြောင်း တပ်ကုန်းမြို့ရှိ အမည် မဖော်လိုသူ ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦးက ပြောကြားသည်။

နေပြည်တော် လေဆိပ်တွင်လည်း လုံခြုံရေးများ အပြင် ၀န်ထမ်းတချို့ပါ ကင်းစောင့်ခိုင်းပြီး အထူးအစီအစဉ်များပြုလုပ်ထားကြောင်း လေဆိပ် ၀န်ထမ်းများက ပြောသည်။

No comments: