Monday, May 23, 2011

ဇာဂနာကို ရာသက်ပန် ဂုဏ်ထူးဆောင်အဖွဲ့ဝင် အဖြစ် လန်ဒန် အနုပညာအဖွဲ့ သတ်မှတ်

ခင်ဦးသာ Monday, 23 May 2011

ကချင်ပြည်နယ် မြစ်ကြီးနားထောင်၌ နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော စွယ်စုံ အနုပညာရှင် လူရွင်တော် ဇာဂနာ အား ဗြိ တိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် Equity အဖွဲ့ ၏ ရာသက်ပန်ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် မေလ ၂၂ ရက်နေ့က သတ်မှတ် လိုက်သည်။

လန်ဒန်မြို့၌ နေထိုင်လျက်ရှိပြီး ဇာဂနာကိုယ်စား အခမ်းအနား တက်ရောက်ခဲ့သူ ပန်းချီ ကိုထိန်လင်းက “အင်္ဂန်လန်နိုင်ငံသား မဟုတ်တဲ့ နိုင်ငံခြားသား အနုပညာရှင် တဦးအနေနဲ့ ကိုဇာဂနာ ကို ပထမဆုံး သတ်မှတ်ပေးတာပါ”ဟု ဧရာဝတီသို့ ပြောသည်။

Equity အဖွဲ့၏ နှစ်ပတ်လည် ညီလာခံ၌ ဇာဂနာကို ထိုသို့ ရာသက်ပန် ဂုဏ်ထူးဆောင် အဖွဲ့ဝင် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

Equity အဖွဲ့မှ လက်ထောက် အထွေထွေ အတွင်းရေးမှူးဖြစ်သည့် မာတင် ဘရောင်း ကလည်း ယမန်နေ့ က ကျင်းပသည့် Equity နှစ်ပတ်လည် ညီလာခံ ဂုဏ်ပြုပွဲသို့ ဇာဂနာကို တက်ရောက် အမှာစကားပြောစေလိုကြောင်း ပြီးခဲ့သည့် သတင်းပတ် အတွင်းက ပြောကြားခဲ့သည်။

Equity အဖွဲ့သည် လန်ဒန်တွင်အကြီးဆုံးသောအနုပညာရှင်အဖွဲ့တခုဖြစ်ပြီး လူရွှင်တော်များ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ ပြဇာတ်၊ မော်ဒယ်လ်၊ ကချေသည် စသည့် အနုပညာရှင် ၃ သောင်းကျော် ပါဝင်ဖွဲ့စည်းထားသော အဖွဲ့ကြီးတခုဟု ၎င်းကဆိုသည်။

“ကိုဇာဂနာကို ရာသက်ပန်ဂုဏ်ထူးဆောင်ပေးရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ တရားမျှတမှုနဲ့လွတ်လပ်စွာ ပြောဆိုမှုနိုင်မှုတွေ အတွက် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တာရယ်၊ နာဂစ် လေဘေးဒဏ် ကူညီမှုကြောင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရ တာတွေကြောင့်ပါ”ဟု ကိုထိန်လင်းက ပြောပြသည်။

လူရွင်တော် ဇာဂနာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ဂျာမနီနိုင်ငံ ဘရီမင်မြို့၏ သွေးစည်းညီညွတ်ရေးဆုကို ချီးမြှင့်ခံ ခဲ့ရသည်။

၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းသင့် ဒေသများသို့ သွားရောက် အကူအညီပေးနေသော ကိုဇာဂနာ အား အာဏာပိုင်များက ဖမ်းဆီးပြီး အင်းစိန်ထောင် တရားရုံးတွင် အီလက်ထရွန်နစ် အက်ဥပဒေ ပုဒ်မ ၃ မှု အပါအ၀င် စုစုပေါင်း အနည်းဆုံး ပုဒ်မ ၅ ခု ဖြင့် တရားစွဲဆိုခြင်း ခံရကာ ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့သည်။

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် အီလက်ထရွန်နစ် အမှု တခုကို ထောင်ဒဏ် ၈ နှစ်စီဖြင့် စုစုပေါင်း ၂၄ နှစ်လျှော့ပေါ့ပေးခဲ့ရာ ၎င်းမှာ ထောင်ဒဏ် ၃၅ နှစ် ကျခံရန်ရှိနေသေးသည်။

No comments: