Monday, May 30, 2011

မုန်တိုင်းမိလို့ ပင်လယ်ထဲမျောပါပျောက်ဆုံးသွားသည့် ရေလုပ်သားများရဲ့ ဇနီးသည်တွေ မိမိတို့လင်သားလုပ်အားခနဲ့ နစ်နာကြေးမရ

ရိုးမ ၃

ပြီးခဲ့သည့် မတ်လလယ်မှာ လေပြင်းမုန်တိုင်းကြောင့် ပင်လယ်ထဲ မျောပါသွားသည့် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်မှ ရေလုပ်သား (၈၀၀) ခန့်၏ ကျန်ရစ်သည့် ဇနီးသည်များမှာ ၎င်းတို့၏ယောက်ျားများသတင်း ယခုအချိန်ထိ တိတိကျမသိရသည့်အပြင် လုပ်အားခနှင့် နစ်နာ ကြေးငွေလည်းမရကြသည့်အတွက် ဒုက္ခတွေ့နေရကြောင်း ရေလုပ်သားအရေး ကူညီလုပ်ဆောင်နေသူများက ပြောသည်။

ယခုချိန်ထိ ပျောက်ဆုံးနေသည့် ရေလုပ်သား အတော်များများရှိနေပြီး ကျန်ရစ်သည့် မိသားစုဝင်များမှတဆင့် သိရှိရသည့် စာရင်းများအရ ယခုမေလထဲမှာပင် နောက်ထပ် ရေလုပ်သား (၃၀၀) ကျော် ပျောက်ဆုံးစာရင်းရရှိကြောင်းနှင့် ယခင်က (၄၀၀)ကျော်စာရင်းရရှိထားသည့်အတွက် ရေလုပ်သား ၈၀၀ ခန့် ပျောက်ဆုံးစာရင်း ကောက်ခံရရှိကြောင်း ဖျာပုံခရိုင်နှင့် ဘိုကလေးဒေသတွင်းက ရေလုပ်သားအရေးကူညီ လုပ်ဆောင်ပေးနေသူများက ပြောသည်။

“မုန်တိုင်းတိုက်ပြီးတော့ ဧပြီလအတွင်းမှာဘဲ ပျောက်ဆုံးရေလုပ်သား (၄၀၀)ကျော်စာရင်းကောက်ခံရတယ်။ အခု မတ်လထဲမှာ (၃၀၀)ကျော်ကောက်ခံရတယ်ဗျာ။ အဲဒါက ဖျာပုံနဲ့ ဘိုကလေးပိုင်ဒေသတွင်းက ရေလုပ်သားစာရင်းတွေပါ၊ အများစုက ၀ါးဖောင်လိုက်တယ် ဝါးဖောင်က အစိုးရကို တရားဝင်လိုင်စင်တင်လုပ်တဲ့ ဖောင်မဟုတ်ဘူး ခိုးလုပ်တဲ့ဝါးဖောင်ဖြစ်နေတော့ အဲဒီမှာလုပ်တဲ့ ရေလုပ်သားစာရင်းက တဖြည်းတဖြည်းနဲ့မှသိရ တာမျိုးပေါ့” ဟုပြောသည်။

မုန်တိုင်းကြောင့် ပင်လယ်ထဲ မျောပါသွားကြသည့် ရေလုပ်သားများမှာ ဖျာပုံနှင့်ဘိုကလေးဒေသတွင်းက ဒေါ်ညိမ်း၊ ကဗျက်၊ ကမံတာ၊ ဖိုးညို၊ ဘုန်းကြီးသောင်၊ ကုလားထိပ်၊ နောင်မီးစသည့် ကျေးရွာများမှ ဖြစ်ကြသည်။

အဆိုပါ ရေလုပ်သားများသည် ဝါးဖောင်လိုက်ကြရသည့်သူအများစုဖြစ်ပြီး ၎င်းတို့မှာ ထက်ယံ၊ မင်းရွှေစင်၊ ပြည့်စုံကျော်၊ နိုင်အောင်ကျော်၊ စိန်ဇင်ယော်၊ မာန်သစ်၊ နေ၀င်း၊ စိန်မင်္ဂလာ၊ တိုးတက်ကျော်နှင့် ချီးသဲကြီးအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်သည်။

မုန်တိုင်းတိုက်ခတ်ခံရပြီး ပင်လယ်ထဲမျောပါသွားသည်မှာ (၂) လကျော်အထိ သတင်းအစအနမရသည့် ရေလုပ်သားများ၏ ဇနီးသည်များက လုပ်ငန်းရှင်များထံ ၎င်းတို့၏ ယောင်္ကျားများအား မည်သည့်နေရာတွင် ရောက်ရှိနေပြီး မည်ကဲ့သို့ ဆက်သွယ်ရမည်ကို သွားရောက်စုံစမ်းမှုများ ယနေ့အထိရှိနေသေးကြောင်း ဖျာပုံခရိုင်တွင်း ရေလုပ်သားအရေး အကူအညီလုပ်ဆောင်ပေးနေသူတဦးက ပြောသည်။

“ဒေါ်စန်းမြင့်ဆိုတဲ့ အမျိုးသမီးက ဒေါ်ညိမ်းကျေးရွာက၊ နောက်တယောက်က မလှလှဝေဆိုတာ ဖိုးညိုရွာက သူတို့လင်သားတွေရဲ့သတင်း ဘာမှမသိရသေးတော့ သူတို့လင်သားတွေကို တွေ့ချင်ကြောင်းနဲ့ ဘယ်လိုဆက်သွယ်ရမလဲဆိုတာကို ကဗျက်ရွာမှာနေတဲ့ လုပ်ငန်းရှင်ဆီ မနေ့က သွားမေးတယ်။ ပြီးတော့ သူတို့ယောက်ျားတွေရဲ့ လုပ်အားခတွေ သွားတောင်းတယ်။ လုပ်ငန်းရှင်က စာရင်းရှင်းမပေးဘူး သူတို့ယောင်္ကျားတွေရှိနေသေးတယ်ပေါ့ ပြန်လာမှ ရှင်းပေးမယ်အဲလိုပြောတာ။ ဒါကလိမ်တာ အခု (၂)လကျော်နေပြီ ဘယ်လို အသက်ရှင်မှာလဲ သဘောကတော့ တာဝန်မယူတော့ဘူးပေါ့ဗျာ”ဟု ပြောသည်။

ဝါးဖောင်လုပ်ငန်းရှင်အများစုသည် ၎င်းတို့ဝါးဖောင် (၁၀၀)ထွက်ခွာမည်ဆိုလျှင် အစိုးရထံ ၄၀ သာစာရင်းတင် တရားဝင်ထွက်ခွာခြင်းဖြစ်ပြီး အခြားဖောင်များမှာ ခိုးဖောင်အဖြစ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

မုန်တိုင်းကြောင့် မျောပါခဲ့သည့် ဖောင်အများစုမှာ ခိုးဖောင်များဖြစ်ပြီး ရေလုပ်သားအများစုလိုက်ပါ အလုပ်လုပ်ကိုင်ခဲ့သည့် ဖောင်များဖြစ်နေသည့်အတွက် ရေလုပ်သားအများစု၏ ကျန်ရစ်သည့် မိသားစုများမှာ လုပ်အားခ ခံစားခွင့်အပါအ၀င် နစ်နာကြေး စသည့် ရပိုင်ခွင့်များ ဆုံးရှုံးနေရပြီး လင်လည်းဆုံး လုပ်အားခလည်း ဆုံးရှုံးရသည့်အဖြစ်နှင့် ရင်ဆိုင်နေကြရသည့် မိသားစုဝင်အတော်များများရှိနေကြောင်း ဖျာပုံခရိုင် ရေလုပ်သားများအရေးကူညီ လုပ်ကိုင်နေသူများက ပြောသည်။

ဖျာပုံမြို့နယ် ကျားဖမ်းပိုက်အသင်း ဥက္ကဌ ဦးသံချောင်းက မတ်လ (၃၀)ရက်နေ့အထိ ရေလုပ်သား (၁၂၀၀၀) ကယ်ဆယ်ရရှိခဲ့ပြီး ရေလုပ်သား (၆၀၀)ခန့် ပျောက်ဆုံးနေကြောင်းနှင့် မုန်တိုင်းကြောင့် မျောပါခဲ့ရသည့် ကျားဖောင်နှင့် ငါးဖမ်းပိုက်များအပါအ၀င် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း (၆၀၀၀)ကျော်ရှိကြောင်း ဧပြီလအတွင်းက ပြောကြားခဲ့သည်။

အဆိုပါ မုန်တိုင်းမိ ရေလုပ်သမားအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ ပြည်သူ့လွှတ်တော်အမတ် ဗိုလ်ချုပ်ဟောင်း ဦးစိုးနိုင်က ဧပြီလ (၇)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ နောင်မီးရွာမှ ရေလုပ်သား (၁၈၀၀)အတွက် ငွေကျပ် တစ်သောင်းနှုန်း လှူဒါန်းခဲ့သည်။ အဆိုပါ နောင်မီးကျေးရွာတွင် ရေလုပ်သား (၃)ထောင်ကျော်ရှိနေသည့်အတွက် အချို့သာ အလှူငွေရရှိခဲ့သည်။

မတ်လ(၁၅) ရက်နေ့က တိုက်ခိုက်ခဲ့သည့် မုန်တိုင်းကြောင့် ဖျားပုံခရိုင်တွင်းမှ ပင်လယ်ပြင်ရေလုပ်သား တစ်သောင်းမှနှစ်သောင်းအထိ မျောပါခဲ့ကြောင်း ရေလုပ်ငန်းတာဝန်ရှိသူများက ပြောသည်။ ရေလုပ်သား (၅၀၀) နီးပါးခန့်ကို ထိုင်းငါးဖမ်းလှေများက ကယ်ဆယ်နိုင်ခဲ့ပြီး အချို့ရေလုပ်သားများမှာ အိမ်နီးနိုင်ငံများအထိ ရောက်ရှိနေသည်များလည်းရှိသည်။ အဆိုပါ မုန်တိုင်းမိရေလုပ်သားများအရေးကို အစိုးရတာဝန်ရှိသူများအနေဖြင့် ထိထိရောက်ရောက် ကူညီဖြေရှင်းပေးနိုင်ခြင်း ယခုအချိန်ထိ မရှိသေးကြောင်း ရေလုပ်သားအများအရေး ကူညီလုပ်ကိုင်နေသူများ ပြောကြားခဲ့သည်။

No comments: