Monday, May 30, 2011

ပစ်ခတ်မှုအပြီး အစိုးရတပ်နှင့် KIA ကြား အပြန်အလှန်စောင့်ကြည့်နေကြ

KNG

မေ ၂၇၊ ပြီးခဲ့သည့်အပတ် သောကြာနေ့ မြန်မာစစ်တပ်နှင့် KIA ကြား တိုက်ပွဲငယ်ဖြစ်ပွားအပြီး တရက်ကြာ ရှေ့တန်းစစ်မျက်နှာမှ နှစ်ဖက်တပ်များ အပြန်အလှန် သတိထားစောင့်ကြည့်နေကြသည်ဟု KIA အရာရှိများပြောသည်။

မြန်မာပြည်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များတွင် ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပြီးရင် အင်အားအကြီးဆုံး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) သည် လတ်တလော အစိုးရတပ်များ လှုပ်ရှားမှု များလာခြင်းကြောင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ၎င်း၏တပ်ဖွဲ့အားလုံးကို တပ်လှန့်ထားရသည်ဟု KIA အရာရှိများပြောသည်။

မုန်ညန်(မိုးညှင်း)မြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ပန်ခေါန် KIA တပ်ရင်း ၅ အနီး နေရာယူထားသည့် မြန်မာတပ်စခန်း ၃ အခုအပါအ၀င် ကျန် KIA တပ်စခန်းများအနီးရှိ မြန်မာစစ်တပ်အားလုံးကို မေ ၂၅ ရက်နောက်ဆုံးထား တပ်ဆုတ်ခွာပေးရန် အစိုးရစစ်တပ်အား သတိပေးစာပေးပြီးနောက် KIA တပ်များအားလုံးကို တပ်လှန့်ထားခြင်းလည်းဖြစ်သည်။

ယခုချိန်ထိ KIA တပ်ရင်း ၅ နှင့် ကိုက် ၃၀၀ အကွာရှိ အစိုးရစစ်စခန်းများကို အနည်းငယ် နောက်ဆုတ်ပေးခြင်း ရှိသော်လည်း တပ်များ လုံးဝဆုတ်ခွာပေးခြင်း မရှိကြောင်း ကချင်ပြည်နယ် KIA လိုင်ဇာ ဌာနချုပ်မှ အရာရှိများပြောသည်။

KIA က နှစ်ပြည်နယ်ရှိ ၎င်း၏အမြဲတန်းတပ်ဖွဲ့များ၊ ကျေးလက်ကာကွယ်ရေးတပ်များနှင့် အသစ်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KIA ပြည်သူ့စစ်) များအား မြန်မာစစ်သားများ မိမိနယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်လျင် ဟန့်တားပစ်ခတ်ရန် ပစ်မိန့် ပေးထားသည်။

သောကြာနေ့ ကချင်ပြည်နယ်၊ မန်မော်(ဗန်းမော်)ခရိုင်၊ မန်ဂျေ(မံစီ) မြို့နယ်၊ ရှဒန်ဂါးဂေါ့၊ ၀မိကောင်၌ မြန်မာစစ်တပ်နှင့် KIA တပ်ရင်း ၂၇ ကြား ပစ်ခတ်မှု မိနစ်အတော်ကြာ ဖြစ်ပွားခဲ့သည်။

ယင်းပစ်ခတ်မှုအတွင်း KIA ဘက် သေဆုံး ထိခိုက်ဒဏ်ရာမှု တစုံတရာ မရှိသော်လည်း မြန်မာစစ်တပ်ဘက်မှ သတင်းမသိရပါ။

မည့်သည့် KIA တပ်စခန်းတွင်ဖြစ်စေ အစိုးရတပ်များချဉ်းကပ်ဝင်ရောက်လာပါက အချိန်မရွေး ပစ်ခတ်မှုများ ဖြစ်လာမည်ဖြစ်ကြောင်း လိုင်ဇာဌာနချုပ်မှ KIA အရာရှိများပြောသည်။

တိုင်းရင်းသား နိုင်ငံရေးရပိုင်ခွင့်ရှိသည့် စစ်မှန်သောပြည်ထောင်စုကို ပြန်လည်ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသား နိုင်ငံရေးနှင့် စစ်ရေးမဟာမိတ်အဖွဲ့ “ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council, UNFC)” ကို KIA ဦးဆောင်မှုဖြင့် ယခုနှစ် ဖေဖေါ်ဝါရီလတွင် ဖွဲ့စည်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအစိုးရသစ် သမ္မတ ဦးသိန်းစိန်၏ မေ ၂၆ တွင်စတင်သည့် တရုတ်ပြည် ၃ ရက်ခရီးစဉ်ကို UNFC က လေ့လာအကဲခတ်နေသည် ဟု ဆိုသည်။

No comments: