Monday, May 23, 2011

ရာဘာ စိုက်ပျိုး စရိတ် ချေးငွေ စံပြရွာသားများထံမှ ငွေမပေါ်မှီ ပြန်တောင်း

ထွန်းထွန်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ တည်ထောင် ထားသော နတလ စံပြ ကျေးရွာများမှ ရာဘာ စိုက်ပျိုးရေး အတွက် ထုတ်ပေးထားသော ချေးငွေများကို သက်ဆိုင်ရာ အစိုးရ ဌာနများမှ ရာဘာ လုပ်ငန်းမှ ၀င်ငွေ မရမှီ ပြန်တောင်းနေဖြင့် ကျေးရွာသားများ အခက်ကြုံ နေရကြောင်း သိရသည်။

အစိုးရဌာနများမှ အဆိုပါ ချေးငွေများကို ယခုလအတွင်း ပြန်လည် ပေးဆပ်ရန် ကျေးရွာသားများကို ညွှန်ကြားထားကြောင်း နတလ ရွာသားတဦးက နိရဉ္စရာကို ပြောသည်။

" မနေ့ကညနေ ၄ နာရီလောက်မှာ သက်ဆိုင်ရာ အစိုးရ ဌာနတွေ ဖြစ်ကြတဲ့ နတလ ၊ မယက၊ စည်ပင် နဲ့ ခယက ဦးစီးမှူးတွေ ရွာကို ရောက်လာပီးတော့ အိမ်အကြီး အလိုက် တဧကကို ကျပ် ၂၀၀၀၀ ကျနဲ့ ထုတ်ပေး ထားတဲ့ ချေးငွေတွေကို ပြန်ဆပ်ဖို့ ပြောသွားပါတယ်။"

အဆိုပါ ချေးငွေများကို ရာဘာစေး ထုတ်လုပ်ပြီးမှ ပြန်ဆပ်ရန် မူလက သဘောတူထားကြောင်း သူက ဆက်ပြောသည်။

" ဒီချေးငွေတွေကို ရာဘာစေး ထွက်မှ ပြန်ဆပ်ရမယ်ဆိုပြီး ကျေးရွာသားတွေက ယူထား ကြတာ ဖြစ်ပါတယ်။ ခု ရာဘာ စိုက်ပျိုးထားတာ ၃နှစ်ပဲ ရှိသေးတယ်။ ရာဘာ အစေးလည်း မထွက်သေးဘူး။ အခု ပိုက်ဆံ လာပြီး တောင်းနေတော့ လူတွေ အနေနဲ့ ဘယ်လို လုပ်ရမှန်းတောင် မသိတော့ပါဘူး။"

စံပြကျေးရွာများတွင် မိသားစု အကြီး အငယ် အလိုက် ရာဘာ ၃ ဧကကနေ ၅ ဧက အထိ စိုက်ခိုင်းထားပြီး တစ်ဧကကို ကျပ် ၂၀၀၀၀ နုန်းဖြင့် ချေးငွေ ယူထားကြသည်ဟု သိရသည်။

မူလက ရာဘာစေးထွက်ပြီး ပြန်ပေးရမည် ကတိဖြင့် ထုတ်ပေးထားခြင်း ဖြစ်ပြီး ရာဘာပင်များမှ အစေးထုတ်ယူရန် နှစ်ပေါင်း အနည်းဆုံး ၁၀ နှစ်ခန့် အချိန်ယူ ပြုစု ပျိုးထောင်ရမည်ဟု သူက ပြောသည်။

ယခုကဲ့သို့ အစိုးရဌာနများမှ ချေးငွေများကို ကတိ အတိုင်း ပြန်လည် တောင်ခံခြင်း မဟုတ်ဘဲ အချိန်မတိုင်မှီ တောင်းခံနေသဖြင့် စံပြကျေးရွာသားများမှာ အခက်ကြုံနေရသည်ဟု သိရသည်။

No comments: