Tuesday, May 31, 2011

ဂီတပွဲတော် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ကျင်းပမည်

နရီလင်းလက် Tuesday, 31 May 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် ဂီတ အနုပညာရှင်များ ပူးပေါင်းကာ ဂီတ ၀ါသနာရှင်လူငယ်များ ၀င်ရောက်ယှဉ်ပြိုင်နိုင်သည့် ပထမဆုံးကြိမ် ဂီတပွဲတော်ကို ကျင်းပမည်ဟု သိရသည်။

အဆိုပါ ဂီတပွဲတော်ကို NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်
အဖြစ် ပြုလုပ်ခြင်းဖြစ်သည် ဟု ပွဲကျင်းပရေး ကော်မတီဝင် ဦးလှမင်းက ဧရာဝတီကို ပြောသည်။

ပြည်နယ်နှင့်တိုင်း အသီးသီးမှ အဖွဲ့ဝင်လူငယ်များ၊ ပြင်ပ ၀ါသနာရှင် လူငယ်များကို ဖိတ်ခေါ်ကာ ဇွန်လ ၁၀ ရက်နေ့ မှ ဇွန်လ ၁၉ ရက်နေ့အထိ ၁၀ ရက် ရန်ကုန် NLD ချုပ်တွင် ကျင်းပသွားမည်ဖြစ်သည်။

“ဘယ်သူမဆို စာရင်းပေးပြီး ကြိုက်တဲ့ပုံစံနဲ့ သီဆိုနိုင်တဲ့ ပွဲပါ။ ဒီပွဲက လူငယ် ကွန်ရက် ရန်ပုံငွေပွဲလည်း ဖြစ်ပါတယ်”ဟု ဦးလှမင်းက ပြောပြသည်။

ဂီတ ပွဲတော် ပြိုင်ပွဲကို ကိုယ်တိုင် ရေး ၊ ဆို ၊ တီးခတ် ပြီး ၀င်ရောက်ယှဉ်ပြိုင်ခြင်း။ ကိုယ်တိုင် ရေး ၊ ဆို နှစ်မျိုးဖြင့် ယှဉ်ပြိုင် ခြင်း။ အတီး ၊ အရေး မရသည့် ၀ါသနာရှင်များအတွက် သီချင်း၂၄ ပုဒ်ထည့်သွင်းပေးထားသည့် စီဒီခွေပေးထားပြီး ယင်း စီဒီ တွင် ပါဝင်သည့် သီချင်းများဖြင့် ယှဉ်ပြိုင်ခြင်း နည်းလမ်း ၃ မျိုး သတ်မှတ်ပေးထားသည်ဟု သိရသည်။

ယှဉ်ပြိုင်သည့် ပုံစံအလိုက် အမှတ်ပေးမှု ကွာခြားသွားမည်ဖြစ်ပြီး ဂီတပညာရှင်များဖြစ်သည့် ကိုရဲလွင်(မဇ္ဈိမလှိုင်း)၊ ကိုသား
ထွေး၊ ကိုတိုးလွင်(ဥတ္တရအလင်း)၊ အဆိုတော် ဇေယျာသော်တို့က အကဲဖြတ်ဒိုင်လူကြီးများအဖြစ်ပြုလုပ်ပေးမည်ဟု ကိုရဲလွင် (မဇ္ဈိမလှိုင်း) က ဧရာဝတီကို ပြောသည်။

“NLD ရုံးချုပ်က စီစဉ်တဲ့ ပွဲကို ကျနော်တို့ ဂီတအနုပညာရှင်တွေကလည်း တဖက်တလမ်း ကနေ အားဖြည့်တဲ့ သဘောမျိုး ပါ ပဲ။ လူမှုရေး လုပ်ငန်းတွေမှာ အနုပညာရှင် တော်တော် များများ က တတ်နိုင်သလောက် လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ၀င်လာကြ တယ်”ဟု သူက ပြောသည်။

ယင်းကဲ့သို့ ၀င်ရောက်လာခြင်းသည် အနုပညာဖြင့် ပိတ်ဆို့တားဆီးထားသည်များကို ဖွင့်လှစ်ရန် ကြိုးစားလာခြင်းဟု ထင်
ကြောင်း ကိုရဲလွင်(မဇ္ဈိမလှိုင်း)က ပြောသည်။

အသက် ၃၅ နှစ်အောက် ဂီတ၀ါသနာရှင် မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး မိုနို ၊ စတူဒီယို ၊ ဟစ်ပ်ဟော့ပ်၊ ရော့ခ် ဂီတ အမျိုးအစား ၄ မျိုးပါဝင်ကာ ဂီတ အမျိုးအစားအလိုက် ပညာရှင်များက အမှတ်ပေးသွားမည်ဟု သိရသည်။

ကိုရဲလွင်(မဇ္စျိမလှိုင်း)က“အခုလို ကူညီတာလည်း လူမှုရေးလုပ်တာပဲလေ။ လူငယ်တွေ အချင်းချင်းရင်းနှီးသွားမှာဖြစ်သလို အဆိုတော်သစ်တွေ ပေါ်လာနိုင်သလို၊ သူတို့နှစ်သက်တဲ့ သီချင်းတွေနဲ့ ၀င်ရောက်ယှဉ်ပြိုင်နိုင်မယ့် ပွဲလေးတခုဖြစ်သွားတာ
ပေါ့”ဟု ဆိုသည်။

အဆိုတော် ဇေယျာသော်က အနုပညာရှင်များ ပြည်သူလူထုထက်ပိုပြီး လူမှုရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်သင့်ကြောင်း၊
ပြည်သူလူထု၏ ချွေးနှဲစာဖြင့် ရပ်တည်နေသည့် အနုပညာရှင်များအနေဖြင့် ပြည်သူလူထု အမှန်တကယ် အကျိုးရှိမည့် အလုပ် ကို ၀င်ရောက်လုပ်ကိုင်လာခြင်းသည် ကောင်းမွန်သည့်အလုပ်ဟု ထင်မြင်ကြောင်း ပြောသည်။

“အနုပညာရှင်တွေ လူမှုရေးလုပ်ငန်းမှာ ဘာကြောင့် ၀င်ပါလာရတာလဲလို့ ပြောရရင် လက်ရှိ ပြည်သူလူထုမှာ အထွေထွေ လို အပ်ချက် အကျပ်အတည်းတွေ ရှိနေတယ်။ ဒီလိုအပ်ချက်တွေကို လူငယ်တွေကပဲဖြစ်ဖြစ်၊ အနုပညာရှင်တွေကပဲ ဖြစ်ဖြစ်၊ ၀ါသနာတူ အသင်းအဖွဲ့ အစုအစည်းလေးတွေပဲဖြစ်ဖြစ် ၀င်ရောက်ပြီး ဖြည့်ဆည်းပေးနေကြတဲ့ သဘောပါပဲ။ ဒါကလည်း အင်မတန် ကောင်းတယ်လို့ ကျနော် မြင်ပါတယ်”ဟု ဇေယျာသော် က ဆိုသည်။

အာဏာပိုင်များ၏ ပိတ်ဆို့မှုက လွတ်ကင်းအောင် ကြံဆောင်ရင်း ပုံစံမျိုးစုံဖြင့် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်လာကြသည်ဟု ကိုရဲလွင်က ပြောသည်။

“အနုပညာနဲ့ လူငယ်တွေကို လူမှုရေးလုပ်ငန်းတွေနဲ့ နီးစပ်အောင်၊ ပိတ်ဆို့နေတဲ့ဟာတွေ လမ်းကြောင်းပွင့်အောင် အနုပညာနဲ့ ဖွင့်ဖို့ ကြိုးစားတဲ့ ပုံစံမျိုးပါပဲ”ဟု သူက ဆိုသည်။

No comments: