Friday, May 27, 2011

လပွတ္တာ လယ်သမားများ အလိမ်ခံရ

ဟိန်းဇော် Friday, 27 May 2011

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ အုန်းတပင်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးများက ဘဏ်ချေးငွေရလိုသည့် လယ်သမားများကို လိမ်လည်ပြီး ငွေတောင်းခံနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ငွေချေးသည့်အခါ တင်ပြရမည့် မြေစာရင်းဆိုင်ရာ စာရွက်စာတမ်းတွင် လယ်လုပ်သူ၏အမည် ပါဝင်စေရန် ပြုလုပ်ပေးမည်ဟု ပြောဆိုပြီး ငွေယူသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“အမည်ပေါက် လုပ်ပေးမယ် ဆိုပြီး တဧကကို တသောင်းနဲ့ မနည်းဘူး ပေးလိုက်ရတာ၊ ဘဏ်မှာ ချေးငွေထုတ်တော့ စာရင်း ပါမလာတော့ ချေးငွေမရတဲ့ လယ်သမား ၃၁ ယောက်လောက် ရှိတယ်” ဟု လပွတ္တာမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးစိန်သန်းက ရှင်းပြသည်။

ထိုသို့ ဘဏ်ချေးငွေ မရသူများထဲတွင် အုန်းတပင်ကျေးရွာအုပ်စုမှ ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ကိုင်သူ ဦးသန်းဌေးလည်း ပါဝင်သည်။ “လုပ်ပေးမယ်ဆိုပြီး ငွေတွေ ယူပြီးကာမှ ဘဏ်မှာ တပြားမှ ထုတ်လို့ မရတော့ဘူး” ဟု သူက ပြောသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို ငွေပေးနိုင်ရန် အတိုးဖြင့် ချေးယူခဲ့ခြင်းဖြစ်ကြောင်း လယ်သမားများက ရှင်းပြသည်။ တဧကလျှင် ကျပ်တသောင်းနှုန်း ပေးခဲ့ရသည်ဟု ဆိုသည်။

“ပိုက်ဆံအတိုးနဲ့ ချေးပြီး လူကြီးတွေကို ပေးလိုက်ကာမှ ဘဏ်ချေးငွေလည်း မရ၊ သူတို့ပေးတဲ့ငွေလည်း ဆုံးရော” ဟု လပွတ္တာမြို့ အုန်းတပင်ကျေးရွာမှ လယ်သမား ဦးငွေလှက ပြောသည်။

ကညင်ကုန်းကျေးရွာမှ ဦးလှသန်းကလည်း “ရပ်ကွက်လူကြီးပြောတာကို ယုံပြီး ပိုက်ဆံတွေပေး၊ ဘဏ်မှာ အမည်စာရင်းက မပါတော့ ရှိတာပါ ဆုံးတာပေါ့” ဟု ပြောပြသည်။

နှစ်စဉ် လယ်လုပ်ငန်းဝင်ရန် အတွက် ဘဏ်မှ ချေးယူလေ့ရှိကြောင်း၊ ဆယ်ဧကအတွက် တနှစ်လျှင် ကျပ် တသိန်းကျော် ချေးနိုင်ကြောင်း သိရသည်။

“ဘာမှ နားမလည်ဘဲ ကြောက်တတ်တဲ့ လယ်သမားတွေကို ဘဏ်ချေးငွေရဖို့ မက်လုံးပေးပြီး ညာယူတာ တော်တော် ဆိုးတယ်၊ အခု NLD ကို လယ်သမားတွေ အကူအညီတောင်း တိုင်တန်းဖို့ လုပ်ထားတယ်” ဟု ရန်ကုန်မြို့ NLD ရုံးချုပ်တွင် လယ်သမားရေးရာ သင်တန်း တက်ရောက်နေသည့် လယ်သမား တဦးက ဆိုသည်။

လပွတ္တာခရိုင်အတွင်းရှိ လပုတ်တလုတ် ကျေးရွာအုပ်စုတွင်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးများက မြေစာရင်းတွင် အမည်ပြောင်းလိုသည့် လယ်သမားများထံမှ ငွေတောင်းထားကြောင်း သိရသည်။

No comments: