Saturday, May 28, 2011

ဦးမြင့်အေး အသဲကြီးရောဂါ ခံစားနေရပြီး အသက်အန္တရာယ် စိုးရိမ်နေရ

ရိုးမ ၃

ကယားပြည်နယ်၊ လွိုင်ကော် အကျဉ်း ထောင်တွင်း ထောင်ဒဏ်နှစ်ရှည်ကျခံနေရသည့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် ခေါင်းဆောင် ဦးမြင့်အေး အသဲကြီးရောဂါ ခံစားနေရပြီး အသက်အန္တရာယ်အတွက် စိုးရိမ်ရကြောင်း ထောင်ဝင်စာသွားတွေ့ခဲ့သည့် နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်က ပြောသည်။

ယခုလ (၈) ရက်နေ့ ဓါတ်မှန်အဖြေအရ အသဲကြီးရောဂါဖြစ်ပွားနေပြီး အခြားရောဂါများလည်း ခံစားနေရကြောင်း ၎င်းက ပြောသည်။

“ဦးမြင့်အေးက လေးလပိုင်း လောက်ကတည်းက တနေ့ကို ဆေး (၁၀) မျိုးကျော်လောက် နေ့စဉ်သုံးစွဲနေရတာ၊ အခုဓါတ်မှန် အဖြေရတော့ အဲဒီအခြေအနေကို အပြင်မှာရှိတဲ့ သူ့မိတ်ဆွေ ဆရာဝန်ကို ပြောပြတော့ ဒါဟာ အသက်အန္တရာယ်စိုးရိမ် ရတယ်လို့ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးမြင့်အေးသည် ယခင်ကတည်းက ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ အခံရှိကြောင်း အဆိုပါ ထောင်ဝင်စာသွားတွေ့ခဲ့သည့် နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်က ဆက်ပြောသည်။

ဦးမြင့်အေး၏ ကျန်းမာရေးအခြေအနေအရ လိုအပ်လျှင် ထောင်ပြောင်း ဆေးကုသခွင့်တင်ပြီး အခြားကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဦးမြင့်အေးကို ၂၀၀၈ ခုနှစ်အတွင်း အင်းစိန်တရားရုံးက ဖောက်ခွဲမှုပုဒ်မ (၃/၆)၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုတို့ဖြင့် တသက်တကျွန်းနှင့် ထောင်ဒဏ် (၈) နှစ်ချမှတ်ကာ မိသားစုဝင်များနှင့်ဝေးသည့် လွိုင်ကော်ထောင်သို့ ပို့ဆောင်ခံထားရသည်။

ဦးမြင့်အေးသည် ၂၀၀၁ ခုနှစ်ကတည်းက စတင်ကာ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) ကို တည်ထောင်ခဲ့သူဖြစ်ပြီး လူ့အခွင့်အရေး ပညာပေးမှုများကို မြန်မာပြည်အနှံ့ဆောင်ရွက်ခဲ့သူဖြစ်သည်။

No comments: