Wednesday, May 25, 2011

သံတွဲတွင် လျှပ်စစ်မီး တယူနစ် ကျပ် ၄၀၀ ထိ လျော့ကောက်မည်

စံလင်း

သံတွဲမြို့နယ် ငပလီကမ်းခြေတွင် လာမည့် ဇွန်လမှ စတင်ပြီး လျှပ်စစ်မီး တယူနစ်ကို ၄၀၀ ကျပ်ထိ လျော့ကောက်တော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

" သူတို့ အရင် ကောက်တာက တယူနစ်ကို ၅၅၀ ကျပ်ပါ။ အဲဒီလို ကောက်ခံရာကနေ အခုအခါ ကျပ် ၄၀၀ သာ ကောက်ခံတော့မယ်လို့ သံတွဲ အုပ်ချုပ်ရေးမှူးက ပြောပါတယ်" ဟု အမည် မဖေါ်လိုသူ ဟိုတည် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးက ဟိုတည် လုပ်ငန်းရှင်များကို များမကြာမှီက ခေါ်ယူတွေ့ဆုံရာတွင် တယူနစ် ကျပ် ၅၅၀ ကောက်ခံနေရာမှ ကျပ် ၁၅၀ လျော့ပြီး ၄၀၀ ကျပ်သာ ကောက်ခံတော့မည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

သံတွဲမှာ မြန်မာနိုင်ငံတွင် လျှပ်စစ်မီတာဖိုး အလွန်ကြီးမြှင့်သော မြို့ဖြစ်ပြီး ဗမာပြည်မှ ဒေသများထက် မီတာဖိုး ယူနစ် အဆ ၂၀ ပိုပေးရသော မြို့ဖြစ်သည်။

" စစ်တွေမှာ တယူနစ်ကို ၄၀၀ ကျပ်၊ မြေပုံမှာ ၅၀၀ ကျပ်၊ သံတွဲမှာ ၅၅၀ ကျပ် ဖြစ်ပါတယ်။ ဗမာပြည်မှာတော့ တယူနစ် ၂၈ ကျပ် ဖြစ်ပါတယ်။ အခုတော့ ရခိုင်မှာ မီတာဖိုးတွေ မတရား ကောက်ခံနေတဲ့အတွက် ပူညံ ပူညံ ဖြစ်လာတာကြောင့် ခုတော့ သံတွဲမှာ တယူနစ် ၅၅၀ ကောက်ခံရာကနေ ၄၀၀ ထိ လျော့ကောက်မယ် ဆိုပြီး ဖြစ်လာတာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

သံတွဲတွင် သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းအား တည်ဆောက်နေသော်လည်း ထုတ်ယူနိုင်သော အဆင့်သို့ မရောက်ရှိသေးကြောင်း သိရသည်။ ပြီးစီးပါက မီဂါဝပ် ၁၁၁ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

သို့သော်လည်း ဇွန်လမှ စပြီး ဒီဇယ်သုံး မီးစက်များမှ တဆင့် သံတွဲ ငပလီတွင် ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်ဟု သိရသည်။

သံတွဲမြို့ ငပလီ ကမ်းခြေတွင် တည်ရှိသော ဟိုတည်များ အနေဖြင့် လျှပ်စစ်မီး ၂၄ နာရီ မရသဖြင့် ကိုယ်ပိုင် ဂျင်နရေတာများကို ၀ယ်ယူပြီး လျှပ်စစ်မီး သုံးစွဲရသဖြင့် ဟိုတည် အခန်းခ ဈေးနုန်းများမှာ မလိုအပ်ဘဲ ကြီးမြှင့်နေရကြောင်း သိရသည်။

သံတွဲမြို့တွင် ဧပြီလ ၁ ရက်မှစတင်၍ ဖိုးသီးချို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကုမ္ပဏီက တစ်ယူနစ်လျှင် ၅၅၀ ကျပ်နှုန်းဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

No comments: