Tuesday, May 24, 2011

ဗိုလ်ချုပ်မှူးကြီး တကယ်အနားယူပြီလား

ဧရာဝတီ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူသွားပြီဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြည်တွင်းမီဒီယာတချို့ကို ပြောခဲ့သော်လည်း အစိုးရသစ်အဖွဲ့ကို နောက်ကွယ်မှ ဆက်လက် ကြိုးကိုင်နေဆဲ ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ ကြံ့ဖွံ့ပါတီရုံးချုပ်၌ ဦးဌေးဦးက ပြည်တွင်းမီဒီယာ တချို့အား ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အများထင်မြင် ယူဆနေသကဲ့သို့ မဟုတ်ဘဲ ရာထူးတာဝန်မှ အမှန်တကယ် အနား ယူသွားပြီဖြစ်ကြောင်း၊ ပါတီတွင်လည်း နာယက တာဝန်ယူထားခြင်း မရှိကြောင်း ရှင်းလင်းပြောဆိုသည်ဟု ပြည်တွင်း အခြေစိုက် ဧရာဝတီ သတင်းထောက်က ဆိုသည်။

“ဗိုလ်ချုပ်မှူးကြီးက ပါတီကို တည်ထောင်ခဲ့တယ်။ ကမ္ဘာမှာ ရုရှားအပါအ၀င် တိုင်းပြည်အတော်များများ ဖရိုဖရဲဖြစ်ခဲ့တာပဲ။ ဗိုလ်ချုပ် မှူးကြီးရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေကြောင့်သာ တိုင်းပြည် အေးအေးချမ်းချမ်း ဖြစ်ခဲ့တာ” ဟု ဦးဌေးဦးက ပြောကြောင်း ၎င်းကဆိုသည်။

ယခုအခါ အရှေ့အလယ်ပိုင်းဒေသ အပါအ၀င် နိုင်ငံအများအပြား၌ နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများအကြား ထိပ်တိုက်ရင် ဆိုင်မှုများ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီး၏ အတွေ့အကြုံနှင့် စွမ်းရည်များကြောင့်သာ အေးချမ်း နေခြင်းဖြစ်ကြောင်း ဦးဌေးဦးက ပြောဆိုခဲ့သည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ရာထူးတာဝန်များမှ အနားယူသွားပြီဆိုသော်လည်း အစိုးရခေါင်းဆောင်ပိုင်းနှင့် ပါတီထိပ်တန်း တာဝန် ရှိသူများက ပစ်ပယ်ထားခြင်း မရှိကြောင်း၊ သို့သော် ဗိုလ်ချုပ်မှူးကြီးမှာ ပါတီဌာနချုပ်သို့ လာရောက်ခြင်း မရှိကြောင်း ၎င်းက ပြောခဲ့သည်။

သို့ရာတွင် ဗိုလ်ချုပ်မှူးကြီးကမူ လက်ရှိအစိုးရ အကောင်အထည် ဖော်နေသည့် လုပ်ငန်းတချို့သည် ၎င်းဖြစ်စေချင်သည့် ပုံသဏ္ဌာန် မဟုတ်ကြောင်း၊ အထူးသဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များအား လုပ်ပိုင်ခွင့် အာဏာကို အပြည့်အ၀ ပေးခြင်းသည် နောင်တချိန် ပြုလုပ်မည့် ရွေးကောက်ပွဲများ၌ တခြားသောပါတီများ အနိုင်ရရှိခဲ့သော် ကြံ့ဖွံ့ပါတီ အနေဖြင့် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း သမ္မတ ဦးသိန်းစိန်အား ဧပြီလအတွင်းက ထောက်ပြပြောဆို ခဲ့သည်ဟု စစ်ဘက်အသိုင်းအ၀န်း၏ အဆိုအရ သိရသည်။

စစ်ဘက် အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက “တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်တွေကို လုပ်ပိုင်ခွင့် အပြည့်မပေးနဲ့၊ ဗဟို အစိုးရကပဲ အရာရာ ဆုံးဖြတ်ပါ၊ အထူးစီမံကိန်းကြီးတွေမှာ ပြည်နယ်အစိုးရတွေ ၀င်မစွက်ပါစေနဲ့လို့ ဗိုလ်ချုပ်မှူးကြီးက သတိပေးတယ်” ဟုဆိုသည်။

ထိုသတိပေးမှုကြောင့် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က နေပြည်တော်၌ ၂ ရက်ကြာ ပြုလုပ်သည့် အထူးစီမံကိန်းများ အကောင် အထည်ဖော်ရေး အစည်းအဝေး၌ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ စီမံကိန်း၊ အကြီးစား စက်မှုလက်မှု လုပ်ငန်းများ၊ စီးပွားရေး ဇုန်ကြီးများ တည်ဆောက်ခြင်း၊ သယံဇာတများ ထုတ်လုပ်ရောင်းချရေး စသည့် လုပ်ငန်းများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက ၀င်ရောက် ဆုံးဖြတ်ခြင်းမပြုစေဘဲ ပြည်ထောင်စု အစိုးရကသာ ဆက်လက် တာဝန်ယူလုပ်ဆောင်မည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောင်းလဲပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က နအဖ စစ်ကောင်စီကို ဖျက်သိမ်းကာ ဦးသိန်းစိန်ကို သမ္မတ တာဝန် လွှဲပြောင်းပေးခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ပေးအပ်ခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး ရာထူးမှ အငြိမ်းစား ယူမယူ ကိုမူ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသကဲ့သို့ သတင်းစာများတွင်လည်း ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိပေ။

နေပြည်တော် စစ်ဘက်သတင်းရပ်ကွက် အဆိုအရမူ ဗိုလ်ချုပ်မှူးကြီး၏ လုံခြုံရေးနှင့် ပတ်သက်၍ စစ်တပ်ကပင် တာဝန်ယူထား ကြောင်း၊ သို့သော် ကိုယ်ရေးအရာရှိများဖြစ်ကြသော ဗိုလ်ချုပ် နေဝင်း၊ ဗိုလ်မှူးချုပ် စိုးရှိန်နှင့် ဗိုလ်မှူးကြီး မြင့်ကြည်တို့က ဗိုလ်ချုပ်မှူး ကြီး အနီးတွင် ဆက်လက် တာဝန်ယူနေကြဆဲ ဖြစ်ကြောင်းလည်း သိရသည်။

No comments: