Sunday, May 22, 2011

၁၄ နှစ်အရွယ် မိန်းကလေးအား ခိုးယူပေါင်းသင်းသည့် တရားခံအား သက်ဆိုင်ရာက အရေးယူခြင်းမရှိသေး

ရိုးမ ၃

အသက်မပြည့်သေးသည့် မိန်းကလေးအား မယားအဖြစ် ခိုးယူပေါင်းသင်းမှုကို ဒေသဆိုင်ရာအာဏာပိုင်များထံ တိုင်ကြားခဲ့သော်လည်း တရားခံဖြစ်သူအား ယနေ့အထိအရေးယူ ဆောင်ရွက်ခြင်းမရှိသည့်အတွက် မိဘများက အထက်အာဏာပိုင်များထံသို့ တိုင်ကြားထားကြောင်း မိသားစုဝင်များက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဖောင်ကြီးအရှေ့ကျေးရွာတွင် နေထိုင်သူ အသက်(၁၄) နှစ်အရွယ် မပန်းအိစိုးအား တရွာတည်းနေ ဖိုးထွန်း(ခ) ထွန်းထွန်းဝင်းက ခိုးယူပေါင်းသင်းခဲ့သည့်အမှုကို မိဘများက ယခုလ ၁၀ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံရဲချုပ်ထံသို့ လိပ်မူ၍ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

“ဖိုးထွန်းကို ဖောင်ကြီးရဲစခန်းမှာ ပြစ်မှု ပုဒ်မ ၃၆၃ နဲ့အမှုဖွင့်ပြီး လှည်းကူးမြို့နယ် တွဲဖက်မြို့နယ်တရားသူကြီးရုံးမှာ ပြစ်မှုကြီး အမှတ် (၃၇၃/၂၀၁၁)၊ ပြစ်မှုပုဒ်မ အမှတ် ၃၆၃ နဲ့ လက်ခံကြားနာ စစ်ဆေးနေတာ၊ အဲဒီမှာ ဖိုးထွန်းက တရားရုံးမှာ အာမခံ လျှောက်ထားပြီး ရုံးချိန်း (၃) ခါလောက်ဘဲတက်ပြီး နောက်ပိုင်းမလာဘဲ ထွက်ပြေးသွားတယ်” ဟု ပြောသည်။

တရားရုံးမှ အာမခံသူများမှတဆင့် ဖောင်ကြီးရဲစခန်းသို့ ဖိုးထွန်းအား ဖမ်းဆီးရန် ဖမ်းဝရမ်းအကြိမ်ကြိမ် ထုတ်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတရားခံအား ဖမ်းဆီးခြင်းမရှိကြောင်း မိသားစုဝင်က ဆက်ပြောသည်။

“ဖိုးထွန်းက ရဲတွေအကုန်လုံးနဲ့ ရင်းနှီးတယ်၊ ရဲတွေကလည်း သူဘယ်မှာ ရှိတယ်ဆိုတာသိတယ်၊ သိရဲ့သားနဲ့ မဖမ်းဘဲ ဒီတိုင်းလွှတ်ထားတော့ တရားဥပဒေရဲ့ အဆုံးအမကနေ ကင်းလွတ်နေသလိုဖြစ်ပြီး ကောင်မလေးကိုလည်း ညှဉ်းပမ်းမှုမျိုးစုံလုပ်နေတယ်၊ ပြီးခဲ့တဲ့လက ကောင်မလေးက မိဘအိမ် ပြန်ပြေးတော့ လိုက်ဖမ်းပြီး ဖိုးထွန်းက ရိုက်နှက်တာတွေ လုပ်တယ်” ဟု ပြောသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က ညောင်ဦးမြို့ပေါ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးကကို အဓမ္မပြုကျင့်ပြီး လက်ထပ်ရန် တရားခံဖြစ်သူက ရဲအာဏာပိုင်များဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်ကို သက်ဆိုင်ရာ အထက်အာဏာပိုင်များက အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပေ။

No comments: