Wednesday, May 25, 2011

ဝက်နားရွက်ပြာရောဂါ ရန်ကုန်ရောက်နေပြီလား

သင်းအောင် Wednesday, 25 May 2011

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် ၀က်ကောင်ရေများစွာ သေဆုံးနေရခြင်းမှာ ၀က်နားရွက်ပြာ ရောဂါကြောင့် ဖြစ်နိုင်သည်ဟု မွေးမြူရေးသမားတို့က ယူဆနေကြသည်။

အင်းစိန်မြို့နယ်၊ မီးရထားလမ်းဘေး တလျှောက် မွေးမြူရေး ခြံ ၃၀ ကျော်တွင် ရက်ပိုင်းအတွင်း ၀က်ကောင်ရေ ၇၀ ခန့် သေဆုံးသွားသည်။

“၀က်က ဆီးတွေ ၀ါလာတယ်။ ပြီးတော့ နီသွားတယ်။ တချို့ဝက်တွေ ကိုယ်လုံးမှာ အဖုလေးတွေ ထွက်လာတယ်။ ၀က်တွေမှာ ဒီလို လက္ခဏာ ပြလာရင် ခြံပိုင်ရှင်တွေက ထုတ်ရောင်းပစ်ကြတယ်။ သေတဲ့ ၀က်ရဲ့အသားကလည်း တဖြည်းဖြည်း နီသွားတယ်” ဟု အင်းစိန်မြို့နယ် ဒေသခံတဦးက ပြောသည်။

အင်းစိန်မြို့နယ် မွေးမြူရေးဌာနက ကွင်းဆင်း ဆောင်ရွက်မှုရှိသော်လည်း အခြေအနေ တိုးတက်မှု မရှိသေးကြောင်း ၀က်မွေးမြူသူ တဦးက ရှင်းပြသည်။

“တာဝန်ရှိသူတွေ ရောက်လာကြတယ်။ ၀က် တကောင် ၁၀၀၀ ကျပ်နဲ့ ဆေးထိုးပေးတယ်။ ခြံတွေကို ဆေးဖြန်းတယ်။ ဒါပေမယ့် သေနေတာပါပဲ။ ၀က်နားရွက်ပြာရောဂါကြောင့် သေဆုံးတယ်လို့ သူတို့က ယူဆကြတယ်” ဟု သူက ပြောပြသည်။

ဤအခြေအနေနှင့် ပတ်သက်ပြီး တရားဝင် ရှင်းလင်း ပြောဆိုနိုင်မည့် ရန်ကုန်မှ မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန တာဝန်ရှိသူများကို ဆက်သွယ်၍ မရသေးပေ။

ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များရှိ ၀က်မွေးမြူရေး ခြံတချို့သည်လည်း အလားတူ အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ရန်ကုန်တဘက်ကမ်း ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်တွင် တပတ်အတွင်း ကောင်ရေ ၅၀ ကျော် သေဆုံးသွားကြောင်း သိရသည်။

“ဘာရောဂါကြောင့် သေတယ် ဆိုတာ မသိပါဘူး။ နာနေတယ် ထင်လို့ ၀က်ဆေးထိုးဆရာ ခေါ်ပြီး ဆေးထိုးတယ်။ အရင်က အဲဒီလို ဆေးထိုးပေးလိုက်ရင် ပြန်ကောင်းလာတယ်။ အခုက ဆေးထိုးပေးနေရင်းကကို သေနေတာ။ ၀က်နားရွက်ပြာရောဂါ ဖြစ်မယ် ထင်တယ်” ဟု ၀က်မွေးမြူသူ တဦးက ထင်ကြေးပေးသည်။

သေဆုံးသည့်ဝက် အများစုမှာ အမများ ဖြစ်ကြောင်း၊ အစာ မစားတော့ဘဲ နေ့ချင်း သေဆုံးလေ့ရှိကြောင်း၊ ၀က်အထီးများက အစာမစား၊ ရေကိုသာ သောက်ကာ တပတ်ခန့်ကြာမှ သေလေ့ရှိကြောင်း ဒေသခံတို့က ပြောပြသည်။

ဤအတောအတွင်း ၀က်မွေးမြူသူ အားလုံးလိုလိုက လက်ကျန်ဝက်များကို အလျင်အမြန် ထုတ်ရောင်းနေကြသည်ဟု သိရသည်။

ဒလမြို့နယ်၏ အခြားရပ်ကွက်တခုဖြစ်သော သမ္မတကမ်းခြေရှိ မွေးမြူရေးခြံများကလည်း ၀က်များကို အရေးပေါ် ထုတ်ရောင်းနေကြသည်။

“ရန်ကုန်မြို့၊ သာကေတ ၀က်ဒိုင်မှာ တောင်းတောင်းပန်ပန် သွားသွင်းရတယ်။ ကိုယ်တွေလိုပဲ ၀က်နာတွေ လာရောင်းတဲ့ လှေတွေ အများကြီးပဲ။ အရင်က ပိဿာ တရာ ၃၃၀၀၀၀ ကျပ် ခြံကောက်ဈေး ရှိနေတာကို ခုလို စရိတ် အကုန်ခံ သွားသွင်းတာတောင် ၂၂၀၀၀၀ ကျပ်ဈေးပဲ ဖြတ်တယ်” ဟု ၀က်မွေးမြူသူတဦးက ပြောသည်။

ဝက်နားရွက်ပြာ ရောဂါသည် မန္တလေးတိုင်းတွင် ဖေဖော်ဝါရီလဆန်းမှ စတင် ဖြစ်ပွားခဲ့ပြီး ၀က်ကောင်ရေ ၆၀၀ ကျော် သေဆုံးကြောင်း၊ ဧပြီလဆန်းပိုင်းက မကွေးတိုင်းတွင် ကောင်ရေ ၁၂၀ ခန့် သေဆုံးကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန က တရားဝင် ထုတ်ပြန်ထားသည်။

အာဏာပိုင်တို့က ၀က်နားရွက်ပြာရောဂါ ဖြစ်ပွားခဲ့သည့် မန္တလေး၊ မကွေး၊ နေပြည်တော်နှင့် မြေလတ်ဒေသများမှ ၀က်များကို ရန်ကုန်မြို့သို့ တင်ပို့ခြင်း မပြုနိုင်ရန် အထူး ကြပ်မတ် တားဆီးထားသည်။

No comments: