Saturday, May 21, 2011

လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာကပေးတဲ့ လက်တွေ့သဘောထား

ရဲဘော်ဖိုးသံချောင်း

ဗမာပြည်တပြည်လုံး၊ တကမ္ဘာလုံးကတောင်းဆို မျှော်လင့်နေကြတဲ့ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးပြဿနာကို နအဖအမွေခံ အရပ်ဝတ်စစ်အစိုးရက ဒီလ၁၆ရက်နေ့မှာ အကြောင်းပြန်လိုက်ပါပြီ၊

အချိန်က ဦးသိန်းစိန်အင်ဒိုနီးရှားက ပြန်လာကာစ၊ တရုတ်ပြည်ကိုသွားမလို့ အထုပ်အပိုးပြင်နေတဲ့အချိန်။ တိုက်ဆိုင် တာလား။ ချိန်ကိုက်လုပ်တာလား။ စဉ်းစားစရာတွေ အများကြီးဖြစ်နေပါတယ်။ အာဆီယံဥက္ကဋ္ဌလုပ်ခွင့် အဖြေမထွက်လို့ ပတ်မကြီးကို ထိုးဖောက်ပြတာလား၊ တရုတ်အစိုးရလောက်တော့ ဒါလောက်လုပ်ပြလိုက်ရင် ရပါတယ်လို့ တွက်တာလား၊ သေချာတာကတော့ လုံးဝမရိုးသားတာပါပဲ။

တကယ်က ဒီကာလတလျှောက်မှာ ဗမာပြည်ရဲ့ ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိုလွှတ်ပေးရေးဆိုတဲ့ တောင်းဆိုချက်တွေ၊ ပြောဆိုသံတွေ
ပြည်တွင်းပြည်ပမှာနားလျှံနေအောင်ကြားနေရပါတယ်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကလုပ်တဲ့ လက်မှတ်စုဆောင်းပွဲမှာ လက်မှတ်ထိုးလိုက်တဲ့ ဗမာပြည်က လက်လုပ်လက်စား ဆင်းရဲသားကအစ ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားအထိ အားလုံးတသံတည်းထွက်၊ တလေထဲ တောင်းဆိုနေကြတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီလိုအနေအထားမျိုးမှာ အခုလို ထောင်အနှစ် ၁၀၀၊ ၆၅နှစ်ကျနေသူကို တနှစ်လျှော့ပေးလိုက်တယ်လို့ဆိုလိုက်တာဟာ အားလုံးကို
စော်ကားလိုက်တာ ဖြစ်ပါတယ်။ ဗိုလ်သိန်းစိန်တို့ရဲ့အခုလုပ် ရပ်ဟာ အင်္ဂလိပ် စကားထဲက add insult to injury ဆိုတဲ့ “ထိခိုက်အောင်လုပ်ထားသူအပေါ် စော်ကားမှုစွက်လိုက်တယ်” ဆိုတာလိုပဲ အားလုံးကို အစော်ကားကြီး
စော်ကားလိုက်တာဖြစ်ပါတယ်။ လှောင်ချိုင့်ထဲမှာထည့်ထားတဲ့ တိရိစ္ဆာန်တွေကို စတာ ပြောင်တာဟာ
အင်မတန်ရိုင်းတယ်ဆိုရင် အနှစ် ၁ဝဝထောင်ချခံနေရတဲ့လူကို ဒီလိုသရော်လှောင်ပြောင်တာဟာ ပိုလို့တောင်ရိုင်းပါသေးတယ်။ ဒီအဖြစ်အပျက်က ဦးသိန်းစိန်သမ္မတဖြစ်ပြီဆိုတုန်းက သူ့ကိုပုဂ္ဂိုလ်ရေးအရ ချီးမွမ်းခန်းထုတ်ခဲ့သူများကို သင်ခန်းစာ ထပ်ပေးတယ်လို့ ယူမှတ်ရမှာပါပဲ။

တကယ်ကျတော့ နိုင်ငံတကာကရောသူတို့ကို ပိတ်ဆို့မှုတွေလုပ်နေကြတဲ့ နိုင်ငံတွေကပါ အရပ်ဝတ်စစ်အစိုးရရဲ့အခုလိုလုပ်ရပ်ကို ကျေနပ်မှာမဟုတ်ဘူးဆိုတာ ဦးသိန်းစိန်တို့
ကောင်းကောင်းသိပါတယ်။ အဲဒီလိုသိလျက်နဲ့ ဒီရိုင်းပျ
စော်ကားလှတဲ့ထုတ်ပြန်ချက်ကို သမ္မတဦးသိန်းစိန် နာမည်နဲ့ ထုတ်ပြန်လိုက်တာဟာ ဒီစစ်ဗိုလ်တွေ ဘာအဝတ်အစားပဲ ဝတ်ထား၊ ဝတ်ထား၊ သူတို့ရဲ့ အတွင်းသဘောထားဖြစ်တဲ့ ပြည်တွင်းပြည်ပ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ မောက်မာမှု ကို လုံးဝမစွန့်လွှတ်ဘူးဆိုတာကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ ကိုယ်စားလှယ်ဟာ ဗိုလ်သိန်းစိန်တို့နဲ့ ဒီကိစ္စကိုပြောပြီး ပြန်သွားလို့ ရက်ပိုင်းလေးအတွင်းမှာပဲ လုပ်ချလိုက်တာဖြစ်နေတော့ ဗီဂျေးနမ် ဘီးယားရဲ့ ကျောပြင်ကို ဗိုလ်ချုပ်တွေက
မေးငေါ့နေတာကိုတောင် မြင်ရသလိုလိုရှိနေပါတယ်။ ဒီတော့ ဒီအစိုးရသစ်ရဲ့ ကောင်းကွက်တွေကို ချစ်တီးခေါင်း သန်းရှာသလိုရှာပြီး ချီးမွမ်းခန်းထုတ်နေတဲ့ပုဂ္ဂိုလ်တွေ အခုတော့ဘာများပြောပါအုံးမလဲလို့တောင် မေးချင်စရာ
ဖြစ်နေပါပြီ်။

နအဖတဖြစ်လဲ အရပ်ဝတ်စစ်အစိုးရရဲ့ဒီလှုပ်ရှားမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တနေ့တခြားထောက်ခံသူနဲ့
ထောက်ခံတဲ့အဖွဲ့အစည်းတွေများပြားလာနေတဲ့ လှုပ်ရှားမှုကိုတုန့်ပြန်အဖြေပေးလိုက်တာဖြစ်တယ်ဆိုတာကတော့ ရှင်းနေ ပါတယ်။ တချို့အာဏာရသူတွေဟာ လူထုရဲ့ဆန္ဒကိုတိုက်ရိုက်မရင်ဆိုင်ပဲ ဒီလိုနည်းနဲ့ တုန့်ပြန်အဖြေပေးလေ့ ရှိပါတယ်။ ဒါဟာ သူတို့ရဲ့မောက်မာမှု၊ မရိုးသားမှုကို ဖော်ပြတာဖြစ်ရုံမက လူထုကြီးကိုမရင်ဆိုင်ရဲကြောင်း၊ အမှန်တရားကိုမရင်ဆိုင် ရဲကြောင်း ဖော်ပြတာလည်းဖြစ်ပါတယ်။

တပါတည်း ထောက်ပြဖို့လိုတာတခုက ဦးသိန်းစိန်တို့ အရပ်ဝတ်စစ်အစိုးရဟာ နအဖရဲ့ရန်ငြိုးအာဃာတတွေ၊ လုပ်နည်းလုပ်ဟန်တွေကို ပုဒ်မတခုမကျန်ဆက်ခံထားတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့အပြင် အကျဉ်းသားတွေကို လွှတ်တာတောင် ကဆုန်လပြည့်နေ့မှာလွှတ်တယ်ဆိုတဲ့ စစ်အုပ်စုတွေရဲ့ယတြာဝါသနာကိုပါ ဆက်ခံထားတာလည်း မှတ်လောက်သားလောက် သတိထားမိပါတယ်။ ဒါကြောင့် စစ်ဗိုလ်ချုပ်တွေဟာ အရပ်ဝတ် ပြောင်းလိုက်တာနဲ့၊ ပါးစပ်က နတ်စကားထွက်လိုက်တာနဲ့ သဏ္ဌာန်ရောအနှစ်သာရပါပြောင်းသွားပြီလို့ ပြောနေသူတွေကို ဒီ “ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ၂၈/၂ဝ၁၁”ဆိုတာကို လက်ညှိုးထိုးပြပြီး ဘယ့်နှယ်ရှိစလို့
မေးလိုက်ဖို့ကောင်းပါတယ်။

ဒီအရပ်ဝတ်စစ်အစိုးရဘက်ကကြည့်ရင် ဒီယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခုအချိန်မှာလွှတ်ပေးလိုက်တယ်ဆိုတာဟာ ဒီနေ့ဗမာနိုင်ငံပြည်သူတွေနဲ့နိုင်ငံတကာကတောင်းဆိုနေတာကို အလျှော့ ပေးလိုက်ရာကျမယ်၊ အဲဒီလှုပ်ရှားမှုတွေကို အသိအမှတ်ပြုလိုက်ရာကျမယ်၊ နောင်မှာအစဉ်အလာဖြစ်သွားမယ် စသဖြင့် ပူပန်စရာတွေရှိနိုင်ပါတယ်။ ဒါမျိုးကိုသူတို့ရဲ့“လွှတ်တော်”ထဲမှာတင်ပြတယ်ဆိုရင် အသာလေးခေါက်ထားလိုက်လို့ဖြစ် ပါတယ်။ ဒါပေမဲ့ အခုလိုဗမာသိ-ကမ္ဘာသိ တင်ပြလာတာကိုတော့ သူတို့အနေနဲ့ မတုန့်ပြန်လို့မရတာနဲ့ တုန့်ပြန်ပြလိုက်တာ ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံရေးအကျဉ်းသားလွှတ်ရေးဟာ ဒီမိုကရေစီအရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အပြင် အထင်သာ အမြင်သာဆုံး ဖော်ပြချက်တခုလည်းဖြစ်ပါတယ်။ ဒီပြဿနာမှာ ဦးသိန်းစိန်တို့ဟာ အရင်နအဖနဲ့သဘောထားတခုထဲ ဆိုတာကိုကြည့်ရင် ၂ဝ၁ဝရွေးကောက်ပွဲကြောင့် ဗမာပြည်မှာဘာအပြောင်းအလဲဖြစ်ခဲ့တယ်ဆိုတာ ရှင်းနေပါတယ်။

ဒါ့အပြင် ဒီအရပ်ဝတ်စစ်အစိုးရဟာ နအဖရဲ့မူပေါ်လစီတွေသာမက လုပ်နည်းလုပ်ဟန်တွေကိုပါ အကုန်ဆက်ခံ ထားတာဖြစ်လေတော့ ဗမာပြည်ပြည်သူတွေဘက်က ပြောရရင်လည့်း ကိုယ့်အရေးတော်ပုံရဲ့လက္ခဏာ၊ ကိုယ်တင်ရမယ့် ကြွေးကြော်သံစတာတွေဟာ ဘာမှမပြောင်းလဲသင့်ပါဘူး။ နအဖကိုဆန့်ကျင်တိုက်ပွဲဝင်ခဲ့တုန်းက အလံကိုပဲလွှင့်ထူပြီး အဲဒီအရေးတော်ပုံကိုပဲ ဆက်လက်တိုက်ပွဲဝင်ကြရမှာပါ။

ဓားသွေးနေတဲ့လူဟာ စိတ်ကူးယဉ်နေမိရင် ဓားမထက်ဘူးဖြစ်တတ်ပါတယ်။ မတော်ရင် ကိုယ့်လက်ကိုရှတာတောင်
ဖြစ်တတ်ပါတယ်။

No comments: