Monday, May 30, 2011

အစိုးရ ကျောင်းတချို့ လာဘ်ယူနေဆဲ

ယုယမိုး

ကျောင်းအပ်ရာသီကာလ အစိုးရကျောင်းများတွင် သတ်မှတ်နှုန်းထားထက်ပို၍ အလှူငွေ ကောက်ခံခြင်းများ မပြုလုပ်ရန် ညွှန်ကြားထားသော်လည်း အခြေခံပညာကျောင်းအချို့တွင် လာဘ်ယူမှုများ ရှိနေဆဲဖြစ်သည် ဟုသိရသည်။

မကြာသေးမီက ရန်ကုန်တိုင်း ဒေသကြီအတွင်းရှိအထင်ကရ ကျောင်းများဖြစ်သော အထက(၂)မင်္ဂလာဒုံ၊ အထက(၁)ဒဂုံ၊ အထက(၂)ကမာရွတ်၊ အထက(၂)လသာ၊ အထက(၂)ဗဟန်း၊ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း (TTC) အစရှိသည့် ကျောင်း ၁၉ ကျောင်းအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ဦးဉာဏ်ထွန်းဦးက ခေါ်ယူသတိပေးမှုများ ပြုလုပ်ခဲ့သည်။

ခေါ်ယူသတိပေးခြင်း ခံခဲ့ရသည့် ကျောင်းများက ရန်ပုံငွေ၊ အလှူငွေကြေးများ ကောက်ခံခြင်း မရှိသော်လည်း အဆိုပါ နာမည်ရ ကျောင်းများသို့ ၀င်ခွင့်ရရှိစေရန် လာဘ်ပေးနေရမှုများ ရှိနေသည် ဟု ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC)မှ ကျေင်းသားမိဘ တစ်ဦးဖြစ်သူ မမျိုးမျိုးက ဧရာဝတီကိုပြောသည်။

ကျောင်းဝင်ခွင့်ရဖို့က သက်ဆိုင်ရာ ပညာရေးဌာနက ပါမောက္ခတွေ၊ စစ်တပ်က ရာထူးကြီး အရာရှိတွေရဲ့ လက်မှတ်တွေ ပါမှဖြစ်တာပါ၊ သူတို့လက်မှတ်တွေ ရဖို့အတွက် ကြားထဲက ပွဲစားတွေကို လိုင်းကြေးသဘောမျိုးပေးရပါတယ် ဒီနှစ် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း( TTC) ကျောင်းဝင်ခွင့် ရဖို့ ကျောင်းသားသစ် ၀င်ကြေးက ကျပ် ၁၀သိန်းကနေ ၁၅ သိန်းကြားရှိပါတယ်”ဟု သူကဆိုသည်။

ရန်ကုန်မြို့၏ နာမည်ရ ကျောင်းများ ဖြစ်သည့် ဒဂုံ(၁)နှင့် အထက(၂) ကမာရွတ်(စိန်အော်ဂတ်စတင်း) ကျောင်းများ၏ ကျောင်းသားသစ် ၀င်ကြေးမှာလည်း ကျပ် နှစ်သိန်းမှ သုံးသိန်းကြား ရှိသည် ဟု ကမာရွတ်မြို့နယ်မှ အဋ္ဌမတန်း တတ်ရောက်မည့် ကျောင်းသားမိခင် တစ်ဦး ကပြောပြခဲ့သည်။

၂၀၁၁-၂၀၁၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး နေ့များကို မေလ၂၅ရက်မှ ၃၁ရက်အတွင်း တစ်နိုင်လုံးရှိ အခြေခံပညာကျောင်း တွင်ပြုလုပ်ရမည်ဟု ပညာရေး ၀န်ကြီးဌာနက ညွှန်ကြားထားသည်။

ရန်ကုန်မြို့၏ အထင်ကရ ကျောင်းများတွင် သာမက အခြားမြို့နယ်ရှိ ကျောင်းများတွင်လည်း ၀င်ခွင့်ရရှိ စေရန် ကျောင်းအုပ်ကြီးများအား လာဘ်ပေးရမှုများ ရှိနေပြီး ကျောင်းအပ်ရာသီ မရောက်ခင်ကပင် ကျောင်းအပ်လက်ခံကာ အမြတ်ထုတ်လျက် ရှိသည်ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမှ ကျောင်းသား မိဘတစ်ဦး ကဆိုသည်။

“ အထက ၃ ဒဂုံမြို့သစ် မြောက်ပိုင်းက ကျောင်းအုပ်ကြီး တစ်ဦးဆိုရင် ကျောင်းအပ်ရာသီ ဖြစ်တဲ့ မေလ ၂၅ ရက်နေ့ မတိုင်ခင် ကတည်းက ကျောင်းအပ်လက်ခံတာတွေ လုပ်နေပါတယ် သူနဲ့ခင်မင်ရင်းနှီးတဲ့သူတွေ အဆက်အသွယ်နဲ့လာတဲ့သူတွေဆိုရင် အလှူငွေအဖြစ် သုံးသောင်းကျပ် ကောက်ခံပြီး အဆက်အသွယ်ကောင်းမရှိတဲ့ ကျောင်းသားကျောင်းသူတွေဆို ငါးသောင်း ပေးရပါတယ် အချို့ ပိုက်ဆံတတ်နိုင် သူတွေကိုဆို တစ်သိန်းနဲ့အထက် ကောက်ခံ ပြီး အကျိုးအမြတ်ထုတ်နေပါတယ်” ဟုပြောပြသည်။

အဆိုပါ ကျောင်းအုပ်ကြီးသည် မိဘများကိုသာမက ကျောင်းရှိ ဆရာ၊ ဆရာမများ အပေါ်တွင်လည်း လာဘ်စားမှုများရှိနေသည် ဟု သူကဆိုသည်။

“အတန်းကောင်းကောင်း လိုချင်ရင် ဆရာမတွေဆီကနေ ကျပ်တစ်သိန်းကနေ တစ်သိန်းခွဲအထိ တောင်းပါတယ်၊ မပေးနိုင်တဲ့ ဆရာ၊ ဆရာမတွေကို အတန်းပိုင်ရာထူး မပေးပါဘူး၊ သူ့ကို လာဘ်ပေးပြီးတော့ မျက်နှာရအောင် လုပ်တဲ့သူတွေကိုပဲ အတန်းပိုင်တို့၊ အတန်းမှူးရာထူးတို့ပေးပါတယ်” ဟု၎င်းက ပြောသည်။

အဆိုပါကျောင်းသည် ဒဂုံမြို့သစ် မြောက်ပိုင်း ဘုရင့်နောင်လမ်းမကြီး(ကျောင်းလမ်း)တွင်တည်ရှိပြီး ၃၅ရပ်ကွက်နှင့် ၃၆ရပ်ကွက် အကြားတည်ရှိသည်။

မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာဇံမြို့နယ်ရှိ မြို့နယ်ပညာရေးမှူး တစ်ဦးသည် ယခုလ ၂၄ရျက်နေ့က ကျောင်းအပ်နှံရေးနေ့ ရန်ပုံငွေ အဖြစ် ငွေကျပ် တစ်သောင်း၊နှစ်သောင်း စသည်ဖြင့် မိဘများထံမှ ခွဲတမ်းဖြင့် ကောက်ခံရန် ချမ်းအေးသာဇံ မြို့နယ်ရှိ ကျောင်းအုပ်ကြီးများအား ညွှန်ကြားထားသောကြောင့် ကျောင်းအပ်နှံရန်ပင် အဆင်မပြေသည့် မိဘများမှာ အခက်အခဲတွေ့နေရသည် ဟု မန္တလေးမြို့ အထက(၁၄)မှ ကျောင်းသားမိဘတစ်ဦးက ဧရာဝတီကိုပြောသည်။

အခြေခံပညာကျောင်းများတွင် ကျောင်းသားမိဘများနှင့် ဆရာ၊ဆရာမများ အကြား ယင်းကဲ့သို့ လာဘ်ပေး လာဘ်ယူမှုများ ဖြစ်ပေါ်နေခြင်းသည် အစိုးရ၏ ပညာရေးဌာန အတွက် ဘတ်ဂျက် ချထားပေးမှု နည်းပါးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ရန်ကုန်မှ ကျောင်းအုပ်ဆရာကြီးတစ်ဦးက သုံးသပ်ပြသည်။

အစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာနပေါင်း ၃၁ခု ရှိပြီး အခြား ၀န်ကြီးဌာနများနှင့်စာလျှင် ပညာရေးဝန်ကြီးဌာနသည် လာဘ်စားမှုအနည်းဆုံး ဌာန တစ်ခုဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

အစိုးရ၏ ၀န်ကြီးဌာနများသို့ ချထားပေးသော ဘတ်ဂျတ် တန်ဖိုးများအရ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၁.၁၃ ရာခိုင်နှုန်း ဖြင့်အများဆုံး ရရှိကာ ပညာရေးဝန်ကြီးဌာနသည် ၄.၉၇ ရာခိုင်နှုန်းခန့်သာ ရရှိသည်ကို ဧရာဝတီက ရရှိထားသော ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော် ပြန်တမ်းအရ သိရသည်။

ယခု ပညာသင်နှစ် မှစတင်၍ ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာ သင်ယူနိုင်စေရန် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ငါးသန်းကျော်အတွက် ငွေကျပ်သန်း ၂၄၀၀ တန်ဖိုးရှိ ကျောင်းသုံး စာအုပ်များ အခမဲ့ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမြအေး ပြောကြားချက်ကို မေလ ၂၆ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာ ကျောင်းပေါင်းလေးသောင်းရှစ်ရာ ကျော်ရှိပြီး အဆိုပါကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူဦးရေ ရှစ်သန်းကျော် ရှိကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

No comments: