Sunday, May 22, 2011

ကလေးစစ်သားကိစ္စ (ILO) အကူညီတောင်းသည့်အတွက် မိသားစုဝင်များ ခြိမ်းခြောက်ခံနေရ

ရိုးမ ၃

အသက်မပြည့်သေးသည့် ကလေးစစ်သားကိစ္စကို (ILO) သို့ တင်ပြအကူညီတောင်းခံထားမှုကြောင့် ကာယကံရှင် မိသားစုဝင်များကို ဒေသခံအာဏာပိုင်များက ခြိမ်းခြောက်မှုများ ပြုလုပ်နေလျှက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဒလင်းလှည်းဆိပ်ကျေးရွာမှ ဦးစိန်ကြိုင်၏ သားများဖြစ်သည့် မောင်သိန်းမင်းထိုက်နှင့် မောင်အောင်ကိုတို့ (၂)ဦးကို ကလေးစစ်သားအဖြစ် စုဆောင်းခံရသည်။

အဆိုပါ ကလေးစစ်သားစုဆောင်းခံခဲ့ရခြင်းနှင့်ပတ်သက်၍ ယခုက (၆) ရက်နေ့တွင် မိသားစုဝင်များက (ILO) သို့ တင်ပြအကူညီတောင်းခံခဲ့ခြင်းကြောင့် နယ်မြေခံရဲအရာရှိများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအာဏာပိုင်များက မေလ(၈) ရက်နေ့တွင် ခေါ်ယူ ခြိမ်းခြောက် ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

“ကျိုက်ပိရဲစခန်းမှူးရယ် နယ်ထိန်းတပ်ကြပ် ဦးဇင်ကိုတို့က ရပ်ကွက်အုပ်ချုပ်ရေးရုံးက လူတွေက (၈) ရက်နေ့က အိမ်ကိုလာပြီး ရွာဥက္ကဌ အိမ်ကို ဆင့်ခေါ်တော့ ဦးစိန်ကြိုင်ရဲ့သမီး မြမြသင်းနဲ့ တင်တင်လှိုင်တို့သွားတယ်၊ အဲဒီမှာ နယ်ထိန်း ဦးဇင်ကိုက နင်တို့ကလေးတွေရဲ့ မွေးသက္ကရာဇ်သိလား၊ ကလေးတွေက အသက်၂၀ ကျော်ပြီ သိလားဆိုပြီး ပြောတယ်၊ ပြီးတော့ အိမ်ကိုလာပြီး ဓါတ်ပုံတွေရိုက်ယူသွားတယ်” ဟုပြောသည်။

ယင်းအဖြစ်ပျက်နှင့်ပတ်သက်၍ မိသားစုဝင်များက ဒလင်းလှည်းဆိပ်ကျေးရွာ မူလတန်းကျောင်းတွင် ကလေးငယ်နှစ်ဦး၏ ကျောင်းထောက်ခံစာ သွားရောက်တောင်းယူရာတွင် အထက်အာဏာပိုင်များကို တင်ပြရဦးမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု မိသားစုဝင်က ဆက်ပြောသည်။

“ကျောင်းထောက်ခံစာသွားလုပ်တော့ ကျောင်းအုပ်ကြီး ဒေါ်မော်မော်အောင်က သူ့အနေနဲ့တော့ မလုပ်ပေးရဲဘူး၊ ပညာရေးမှူးဆီမှာ မေးကြည့်ပြီး လုပ်ပေးဆိုမှ လုပ်ပေးနိုင်မယ်ပြောတယ်” ဟု မိသားစုဝင်က ပြောသည်။

ကလေးစစ်သားအဖြစ် စုဆောင်းခံရသည့် မောင်သိန်းမင်းထိုက်နှင့် မောင်အောင်ကိုတို့သည့် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က ဒလင်းလှည်းဆိပ်ရွာမှ ရန်ကုန်၊ လှိုင်သာယာရှိ ဆွေမျိုးများထံအသွား ဘုန်းကြီးလမ်းထိပ် သင်္ဘောဆိပ်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း မိသားစုဝင်က ပြောသည်။

“သင်္ဘောဆိပ်မှာ ပျောက်သွားတာ၊ ၃ လလောက်ကြာတော့ သူတို့အဖေဆီကို ဖုန်းဆက်တယ် သူတို့ သထုံလေ့ကျင့်ရေး (၉) မှာ ရောက်နေတယ်ဆိုပြီး ပြောတယ်၊ အဲဒီတော့မှ စစ်တပ်ထဲရောက်နေတာသိရတာ” ဟု ပြောသည်။

မောင်သိန်းမင်းထိုက်၏ မွေးသက္ကရာဇ်မှာ (၄-၅-၁၃၆၁) ခုနှစ် (၁၂) နှစ်အရွယ်နှင့် မောင်အောင်ကိုမှာ (၁၅-၂-၁၃၅၇) ခုနှစ် အသက် (၁၅) နှစ်တို့ဖြစ်သည်။

No comments: