ဧရာဝတီ
မြန်မာဒုက္ခသည် ၁၄၀၀၀၀ ကျော်အား နှစ်ကာလ ရှည်ကြာစွာ ခိုလှုံခွင့်ပေးထားရသဖြင့် ထိုင်းနိုင်ငံသည် ခြေကုန်လက်ပန်းကျ နေလှပြီ ဖြစ်သည်။
သို့ရာတွင် ထိုင်းအစိုးရက ယင်းဒုက္ခသည်များအား ၎င်းတို့ နေရပ်ရင်းသို့ ပြန်ပို့ရန် ကြိုးစားသည့် မည်သည့် လုပ်ရပ်မဆို ပြဿနာပြေလည်စေသည်ထက် ပိုမိုများပြားသော ပြဿနာများကို ဖန်းတီးရာရောက်လိမ့်မည် ဖြစ်သည့်အပြင် ထောင်ပေါင်းများစွာသော အပြစ်မဲ့ ပြည်သူများကိုလည်း ဘေးအန္တရာယ် ကျရောက်စေပေလိမ့်မည်။
မကြာသေးခင်က မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော စစ်အုပ်ချုပ်ရေးမှ ပါလီမန်အစိုးရ အပြောင်းအလဲအား ထိုင်းဝန်ကြီးချုပ် အဖိ ဆစ် ဝေ့ချာချိဝ နှင့် ၎င်း၏ အစိုးရအဖွဲ့က ဒုက္ခသည် ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်မည့် အခွင့်အလမ်းတရပ်ဟု မြင်ကောင်း မြင်နိုင်သည်။ သို့သော် မြန်မာအစိုးရအပြောင်းအလဲကား အပေါ်ယံသက်သက်မျှသာဖြစ်သည်။
ယခင် စစ်အစိုးရ အဖွဲ့ဝင်ဟောင်းများက တိုင်းပြည်ကို ဆက်လက်ဖိနှိပ် အုပ်ချုပ်ရန် အစိုးရအဖွဲ့သစ်ကို ကြိုးကိုင်ထားဆဲဖြစ်ပြီး မကြာခင်က အဖြစ်အပျက်များအရ ဒုက္ခသည်များ လုံလုံခြုံခြုံဖြင့် အိမ်ပြန်နိုင်မည့် အရိပ်အယောင် လားလားမျှ မရှိပါ။
ထိုင်းအစိုးရ အနေနှင့် ဒုက္ခသည်များပြန်ပို့ရေးနှင့် ပတ်သက်သည့် အစီအစဉ်ကို အကောင်အထည်မဖော်မီ ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော မြန်မာပြည်တွင်းက နယ်စပ်ဒေသ အခြေအနေကို အသေအချာ လေ့လာ သင့်သည်ဟု လေးလေး နက်နက် အကြံပြုလိုသည်။ ထိုဒေသများတွင် မြန်မာအစိုးရ တပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး ထိုင်းနိုင်ငံကို တိမ်းရှောင်ခိုလှုံနိုင်ခြင်းမရှိဘဲ တောတောင် ထူထပ်သည့် မြန်မာနယ်စပ်ရှိ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် (IDP) စခန်းများတွင် သို့မဟုတ် တောထဲတွင် ပုန်းအောင်းနေကြရသူ အများအပြား ရှိနေပါသေးသည်။
နှစ်နိုင်ငံ နယ်စပ်အနီးဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများမှာ ပြင်းထန်မှုမရှိသော်ငြား ယင်းတိုက်ပွဲများကြောင့်ပင် ထိုင်း နိုင်ငံရှိ မြန်မာဒုက္ခသည်ဦးရေ အဆက်မပြတ် တိုးပွားလာနေရသည်။ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ၌ ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် မြန်မာဒုက္ခသည် ၁၄၁၀၇၆ ဦး ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ၌ ၁၄၂၁၇၄ ဦးသို့လည်းကောင်း၊ ဖေဖေါ်ဝါရီလ၌ ၁၄၂၆၅၃ ဦးသို့ လည်းကောင်း တိုးပွားလာခဲ့သည်။
IDP ၂၀၀၀၀ ကျော်မှာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အတွင်းရှိ စခန်း ၉ ခုတွင် လက်ရှိနေထိုင်လျှက်ရှိသည်ဟု မြန်မာဒုက္ခသည်များကို လူသားချင်းစာနာသည့် အကူအညီ များပေးနေသော Thailand Burma Border Consortium (TBBC) အဖွဲ့ စာရင်းများက ဆိုသည်။ စာရင်းမပြုစုနိုင်သည့် တခြား IDP ထောင်ပေါင်းများစွာ များမှာလည်း တောင်ထူထပ်သည့် နယ်စပ်ဒေသ သစ်တောများထဲတွင် ပုန်းအောင်းနေကြသည်ဟု ယူဆရသည်။ မြန်မာနိုင်ငံ သို့မဟုတ် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့များအနေနှင့် ၎င်း IDP များအား လက်လှမ်းမီရန် လွန်စွာ ခက်ခဲလှသည်။
မြန်မာအစိုးသစ်၌ ဤဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအပေါ် ဆင်နွှဲနေသော စစ်ဆင်ရေးများကို ရပ်တန့်ရန်နှင့် မြန်မာပြည်တွင်းရှိ စခန်းများတွင်ရှိနေကြသော IDP များကို ၎င်းတို့ နေရပ်ရင်းသို့ စနစ်တကျ လုံခြုံစွာ ပြန်လည်ပို့ဆောင် ရန် နိုင်ငံရေးအရ ဆန္ဒရှိ မရှိကို ထိုင်းအစိုးရအနေနှင့် အရင်ဆုံး အကဲဖြတ်ရပေမည်။
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာဒုက္ခသည်များ ပြန်ပို့ရေးတွင် ထိုင်းအစိုးရ ထည့်သွင်းစဉ်းစားသင့်သည့် တခြားကိစ္စတခုမှာ မြန်မာစစ် တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများက မြေမြှုပ်မိုင်းများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြခြင်းကြောင့် အကယ်၍ ဒုက္ခသည်များကို နယ်စပ်ဖြတ်ကျော်၍ ပြန်ပို့မည်ဆိုပါက ထောင်နှင့်ချီသော ဒုက္ခသည်များမှာ မြေမြှုပ်မိုင်း အန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။
ဒုက္ခသည်များကို “သူပုန်” ဟု မြန်မာအစိုးရသစ်က မကြားသေးခင်က စွပ်စွဲခဲ့သေးသည်။ ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေး တခုတွင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းက ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများသည် မြန်မာ့တပ်မတော် အား တိုက်ခိုက်ရန် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ၏ “အခြေခံစခန်းများ” ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ဤအချက်ကား ဒုက္ခသည်များ နေရပ်ရင်း ပြန်ရောက်ပါက မည်သို့ ဆက်ဆံ ခံရနိုင်သည်ကို မှန်းဆနိုင်သော အချက်တချက်ဖြစ်သည်။
ဒုက္ခသည် စခန်းများအတွင်း တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ၏ မိသားစုဝင်များ ရှိကောင်းရှိနေနိုင်သည်။ သို့သော် ၎င်းတို့သည် တိုက်ခိုက်ရေးသမားများ မဟုတ်ကြ။ ၎င်းတို့သည် ပဋိပက္ခများမှ လွတ်မြောက်ရန် နေရပ်ကျေးရွာများကို စွန့်ခွာခဲ့ ကြသော သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများသာ ဖြစ်ကြသည်။ အစိုးရသစ် ထိပ်တန်းအရာရှိတဦးက ယခုကဲ့သို့ အခြေအမြစ်မရှိ စွပ်စွဲပြောဆိုခြင်းသည် အစိုးရသစ်က နေရပ်ရင်းပြန်ရောက်လာသော ဒုက္ခသည်များအပေါ် လူသားဆန်ဆန် ဆက်ဆံမည်လော ဆိုသည့်မေးခွန်းအတွက် လွန်စွာ သံသယ ပွားစေသည်။
ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များထဲတွင် နယ်စပ်ဒေသ လက်နက်ကိုင် ပဋိပက္ခများကို ရှောင်ပြေးလာကြ သူများရှိသကဲ့သို့ နိုင်ငံရေး ဖိနှိပ်မှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာလာကြ သူများလည်း ရှိကြသည်။ ဥပမာ အနေဖြင့် ၂၀၀၇ “ရွှေဝါရောင် တော်လှန် ရေး” တွင် ပါဝင်ဆင်နွှဲခဲ့ကြသော နိုင်ငံရေး လှုပ်ရှားသူများနှင့် သံဃာတော် အများအပြားသည် ထိုင်းနိုင်ငံ နယ်စပ်ရှိ မဲဆောက်မြို့သို့ တိမ်းရှောင်လာခဲ့ပြီးနောက် တာ့ခ်ခရိုင်အတွင်းရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျှက်ရှိကြသည်။
အကယ်၍ ဤနိုင်ငံရေး ဒုက္ခသည်များ နေရပ်ရင်းသို့ အဓမ္မ ပြန်ပို့ခံရမည်ဆိုပါက ယခင် စစ်အစိုးရ ချမှတ်ထားသော ဖိနှိပ်အုပ်ချုပ်သည့် ဥပဒေများအားလုံးကို ကိုင်စွဲထားသည့် အစိုးရသစ်က ၎င်းတို့အား လိုက်လံနှောင့်ယှက် နှိပ်ကွပ်မည်မှာ အသေအချာပင် ဖြစ်သည်။ ၎င်းတို့အား နေရပ်ရင်းသို့ အဓမ္မ ပြန်လည်ပို့ဆောင်ခြင်းသည် နိုင်ငံတကာ ဥပဒေကို သိသိသာသာ ချိုးဖောက်ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ထိုင်းအစိုးရအနေနှင့် ယင်းလုပ်ရပ်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည် ဖြစ်သည်။
အတိုချုပ်ဆိုရသော် လက်ရှိ မြန်မာပြည်တွင်း အခြေအနေများက ဒုက္ခသည် ၁၄၀၀၀၀ ကျော်အား ၎င်းတို့၏ နေရပ်ရင်းသို့ အဓမ္မ ပြန်လည်ပို့ဆောင်ရန် မသင့်ကြောင်း ရှင်းရှင်းလင်းလင်း ပြဆိုနေပေသည်။ ထိုသို့ပို့ဆောင်ခြင်းကြောင့် ၎င်းတို့ အန္တရာယ် ကျရောက်စေလိမ့်မည်၊ အတိဒုက္ခ ရောက်စေပါလိမ့်မည်။ ဒုက္ခသည် အများအပြားမှာ မြန်မာပြည်တွင်းတွင် ဥစ္စာပစ္စည်းနှင့် တခြား ပိုင်ဆိုင်မှုများ မရှိတော့သည့်အတွက် အချိန်မရွေး ကျရောက်နိုင်သော အန္တရာယ်က ၎င်းတို့အား ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများအဖြစ် ပြန်လည် တွန်းပို့စေနိုင်သည်။
၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ မုန်း (Hmong) တိုင်းရင်းသား ဒုက္ခသည် ၄၀၀၀ အား နောက်ဆုံးအသုတ်အဖြစ် ထိုင်းအစိုးရက လာအိုနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ဖူးသည်။ သို့သော် မြန်မာဒုက္ခသည်များ အရေးမှာ များစွာ ပို၍ ခက်ခဲရှုပ်ထွေးလှသဖြင့် ထိုင်းအစိုးရက မုန်းဒုက္ခသည်များကို ပို့ဆောင်ခဲ့သည့် ဖြစ်စဉ်များနှင့် နှိုင်းယှဉ်စဉ်းစား၍ မရနိုင်ပေ။
ဤသို့ ခက်ခဲနက်နဲသော အခြေအနေများအောက်တွင် ထိုင်းနိုင်ငံအနေနှင့် မြန်မာဒုက္ခသည်အရေးကို ကိုင်တွယ်ဆောင်ရွက် ရာ၌ အမြော်အမြင်ရှိရှိဖြင့် ဘက်ပေါင်းစုံမှချဉ်းကပ်ဆောင်ရွက်ရပေမည်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) အပါအဝင် သက်ဆိုင်သည့် အဖွဲ့အစည်း အားလုံးနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ လေ့လာသုံးသပ်ခြင်းများ ပြုလုပ်ရပေ မည်။
ဒုက္ခသည်များအား နှစ်ကာလ ရှည်ကြာစွာ လက်ခံထားသည့်အပြင် ထိုင်းနိုင်ငံတွင် နေထိုင်စဉ်အတွင်း ၎င်းတို့အား နားခိုရာ နေရာနှင့် လုံခြုံမှုပေးသည့်အတွက် ထိုင်းပြည်သူများနှင့် ထိုင်းအစိုးရတို့ကို များစွာ ကျေးဇူးတင်ပါသည်။ ဒုက္ခများအရေးသည် ထိုင်းနိုင်ငံအတွက် အလွန်အမင်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်ကိုလည်း နားလည် သဘောပေါက်ပါသည်။
သို့သော် မြန်မာ ဒုက္ခသည်များအား နေရပ်ရင်းသို့ အဓမ္မပြန်လည်ပို့ဆောင်ခြင်းသည် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေရုံ မျှမက တည်ငြိမ်မှုမရှိသေးသည့် ထိုင်း - မြန်မာနယ်စပ် အခြေအနေကိုပါ ခက်ခဲရှုပ်ထွေးစေပါလိမ့်မည်။ နယ်စပ်တည်ငြိမ်မှု အပါအဝင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တခြားအခြေအနေများ တိုးတက်လာမှု မရှိသေးဘဲ ၎င်းတို့အား ပြန်လည် ပို့ဆောင်ခြင်းသည် အန္တရာယ်ရှိသော၊ အမျှော်အမြင်နည်းသော၊ လက်မခံနိုင်သည့် လုပ်ရပ်သာ ဖြစ်ပါသည်။
Involuntary Repatriation of Refugees – A Bad Idea ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
No comments:
Post a Comment