Tuesday, April 3, 2012

ကာကွယ်ရေးဦးစီးချုပ် ရာထူးတိုး

ကိုပေါက် | အင်္ဂါနေ့၊ ဧပြီလ ၀၃ ရက် ၂၀၁၂

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တို့အား ရာထူးတဆင့် တိုးမြှင့် ဖော်ပြထားသည်ကို အင်္ဂါနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

ကမ္ဘောဒီယားနိုင်ငံတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ သမ္မတ ဦးသိန်းစိန် တက်ရောက်ရန် နေပြည်တော် လေဆိပ်မှ ဧပြီလ ၂ ရက်နေ့က ထွက်ခွါသွားသည်ကို လိုက်ပို့သည့် ထိပ်တန်းအရာရှိများ စာရင်းတွင် ကာ/ချုပ်နှင့် ဒု-ကာ/ချုပ်တို့၏ အမည် များ လည်း ပါဝင်ရာ ယခုကဲ့သို့ ရာထူးတဆင့်တိုး ဖော်ပြထားခြင်း ဖြစ်သည်။

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း”ဟု မြန်မာ့အလင်း သတင်းစာ တွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

၎င်းတို့၏ ယခင် ရာထူး များမှာ ဗိုလ်ချုပ်ကြီးနှင့် ဒု-ဗိုလ်ချုပ်ကြီးတို့ဖြစ်ပြီး ယခုကဲ့သို့ တပ်မတော်အတွင်း ရာထူးအဆင့် တိုးမြှင့် လိုက်ခြင်း များကို နိုင်ငံပိုင် သတင်းစာ များတွင် ၎င်းတို့၏ လှုပ်ရှား ဆောင်ရွက်မှုများမှ တဆင့် ဖော်ပြပေးလေ့ရှိသည်။

No comments: