Sunday, February 3, 2013

မုဒိမ်းကျင့်ရန်ကြိုးပမ်းသူတစ်ဦးအား ခရိုင်တရားသူကြီးမ ဒေါ်အေးသိန်းမှလာဘ်စား ကာ အပြစ်မဲ့တရားသေလွှတ်

မိုးဇော်

ရခိုင်ပြည် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာနေ (ဘ) ဦးမောင်သိန်းညွန့် (မိ) ဒေါ်မကျိုင်အေး တို့၏သမီး မစောပွင့်(၄၅)အား၎င်းကျေးရွာ နေ ဦးမောင်ထွန်းလှိုင်က မုဒိမ်းကျင့်ရန်ကြိုးပမ်းခဲ့သောကြောင့် ၄င်းအမှုကို တရားလိုဖက်မှ မြို့နယ်ကတစ်ဆင့် ခရိုင်တရားရုံးကိုတိုင်ကြားခဲ့ သော်လည်း ခရိုင်တရားသူကြီးမ ဒေါ်အေးသိန်းမှ လာဘ်စားကာ တရားခံအား အရေးယူပြစ်ဒဏ်ချမှတ်ခြင်းမရှိဘဲ ပြီးခဲ့သည့်အပတ်က အပြစ် မဲ့တရားသေလွှတ်ပေးလိုက်ကြောင်း သိရသည်။

မုဒိမ်းကျင့်ခံရသော မစောပွင့်က " ကျမတို့က မိန်ကလေးတစ်ယောက်ကို အကြမ်းဖက်တာဟာ တော်တော်အကြံပတ်စက်တဲ့သူဆိုပြီးတော့ မြို့နယ်နဲ့မကျေနပ်လို့ ခရိုင် ကို သွားပြီးတော့တိုင်တယ်။ ကျမတို့ထင်ထားတာက ဒီလူဟာ (၂)နှစ်က (၃)နှစ်ကြားမှာ ထောင်ကျနိုင်တယ်ဆိုပြီး တော့ ထင်ထားကြတာ။ အဲဒီတော့ သူဟာ ထောင်လည်းမကျဘူး ဘာအပြစ်မှမရှိဘဲနဲ့ ပြန် လွတ် လာတယ်။ ဒါဟာ တရားသူကြီးမ ဒေါ်အေး သိန်းက တရားခံဆီကနေ ငွေကြေးစားပြီးတော့ လွှတ်လိုက်တာဖြစ်တယ်။ ဒီလိုလုပ်တာဟာ မတရားပါဘူး။ တရားသူကြီးမလို့ နာမည်တပ် ထားပေမယ့် မတရားတာ တွေကိုလုပ်နေတာဟာ ဆင်းရဲနွမ်းပါးစွာနဲ့ ရင်ဆိုင်နေရတဲ့ အမှုသည်တွေအတွက် ဒုက္ခအများကြီး ရောက်စေ ပါ တယ်။ " ဟု အာရ်ကန်တိုင်းမ်စ်အား ပြောကြားသည်။

၂၀၁၂ ခုနှစ် သြဂုတ်လ(၁)ရက်နေ့ နံနက် ၅ နာရီဝန်းကျင်မှာ မစောပွင့်အား ယခင် အမြင့်ကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမောင် ထွန်းလှိုင်က မုဒိမ်းကျင့်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ၄င်းမုဒိမ်းကျင့်ရန် ကြိုးပမ်းခြင်းခံရမှုကို အမြင့်ကျွန်း စခန်းမှူး ဦးမောင်တင်အောင်ထံ တိုင်းကြားခဲ့ပြီး ကျေနပ်မှုမရှိသဖြင့် ခရိုင်ကိုတိုင်းကြားရာကနေ ခရိုင်မှ တရားသူကြီးမက လာဘ်ငွေယူ၍ တရားခံအားအပြစ် မဲ့ တရားသေ လွှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ မုဒိမ်းကျင့်ခံရသည်နှင့်ပတ်သက်၍ အကြောင်းစုံကို မစောပွင့်က အာရ်ကန်တိုင်းမ်စ်အား ရှင်းလင်းပြောကြားခဲ့သည်။

" ကျမတို့အိမ်နဲ့ အဲဒီ ဦးမောင်ထွန်းလှိုင်အိမ်နဲ့ ခြံချင်းကပ်လို့ပါ။ သူတို့အိမ်က ကျမတို့အိမ်ရဲ့နောက်ကဖြစ်ပါတယ်။ သူ့အိမ်နဲ့ သူ့တာ(ငါးမွေး မြူရေးကန်)နဲ့နီးနီးလေးပဲ။ သူ့တာမှာ ကျမမှာငါးကြီးတစ်ကောင်လှောင်ထားပါတယ်။ အဲဒါကို ကျမကသွားတောင်းတယ်။ သူ့က အခုမယူပါနဲ့ မနက်မိုးလင်းအာရုံမှာ လာပြီးတော့ယူပါလို့ပြောပါတယ်။ ကျမလည်း သူပြောတဲ့အတိုင်း သွားတာ ပေါ့။ ဒီလိုမျိုး အနိုင်ကျင့်ခံရမှာမသိဘူးလေ။ ဆိုတော့ ကျမငါးကိုယူနေတဲ့အချိန်မှာ အဲဒီ ဦးမောင်ထွန်းလှိုင်ကနေပြီးတော့ ကျမရဲ့အင်္ကျီကိုဆွဲပါတယ်။ ပြီးတော့ ကျမကို အဓမ္မပြုကျင့်ဖို့ကြိုးပမ်းပါတယ်။ ကျမ လည်း ကြောက်ပြီးတော့ အော်လိုက်ပါတယ်။ အော်လိုက်တာနဲ့ သူက ကျမကိုပြန်လွှတ်လိုက်ပါတယ်။ ကျမလည်း ချက် ချင်း ရဲစခန်းကိုတိုင်ကြားပါတယ်။ အဲဒီစခန်းကနေတဆင့် ခရိုင်ရုံးကိုရောက်သွားပါတယ်။ ခရိုင်ရုံးမှာ လတွေအများကြီးကြာအောင် စစ်ဆေး ပြီးတော့မှ တရားသူကြီးမကနေပြီး အပြစ်မရှိဘူးဆိုကာ လွှတ်လိုက်တာဖြစ်ပါတယ်။ " ဟု ပြောသည်။

အဆိုပါ တရားသူကြီးမသည် ခရိုင်တရားရုံးကို မကြာသေးခင်က ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ယခုတရားရုံးတွင် အဂတိလိုက်စားမှုကို အလွန် အကျွံပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

No comments: