Friday, April 12, 2013

တိုင်းရင်းသား ဘာသာစကားဖြင့် ထုတ်ဝေသည့်ဂျာနယ်များ အရှုံးပေါ်နေ

ကြယ်ပြာ


တိုင်းရင်းသား ဘာသာစကားဖြင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာအုပ်စာပေများကို အစိုးရက ထုတ်ဝေခွင့်ပြု လိုက်ပြီ ဖြစ်သော်လည်း ၀ယ်လိုအားမရှိခြင်း၊ စာဖတ်နှုန်း နည်းပါးခြင်းနှင့် ထုတ်ဝေမှုဆိုင်ရာ ပြဿနာများရှိနေခြင်း အပါအ၀င် အခက်အခဲများကြောင့် ထုတ်ဝေသူများ အရှုံးပေါ်နေကြောင်း သိရှိရသည်။

တိုင်းရင်းသား၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေသော ဂျာနယ်များ ပိုများလာကြောင်း၊ အဓိက အနေဖြင့် တိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေသော ဂျာနယ်များ အရှုံးနှင့် ရင်ဆိုင်ရကြောင်း၊ အဆိုပါ ဂျာနယ်များအား ဘာသာရေးအဖွဲ့ အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များက ထောက်ပံမှု ပေးနေကြကြောင်း သိရသည်။

“မွန်မှာဆိုရင် ပုံနှိပ်စက်တွေ မရှိဘူး။ ဒီတော့ ရန်ကုန်ကိုတက်ပြီး ပုံနှိပ်ရတဲ့ ကုန်ကျစရိတ်နဲ့ ဂျာနယ်ကို ၀ယ်ဖတ်သူနည်းလို့ ရှုံးတာနဲ့တင် ရတဲ့ငွေက မကာမိဘူး နေ့စဉ်ထုတ် ဆိုတာဝေးရော” ဟု သံလွင်တိုင်းမ် သတင်းဌာမှ အုပ်ချုပ်မှု အယ်ဒီတာ ဦးမင်းမင်းက ဆိုသည်။

ဆက်လက်၍ တိုင်းရင်းသား သတင်းဂျာနယ်များ အရှုံးပေါ်နေရသည့် အဓိကအချက်မှာ လွတ်လပ်စွာ စာပေရေးသား ထုတ်ဝေခွင့် များအား နှစ်ပေါင်းများစွာ ပိတ်ပင်ခြင်းခံခဲ့ရခြင်းကြောင့် ဂျာနယ်များထုတ်ဝေခွင့် ရသည့်အချိန်၌ နည်းပညာ လိုအပ်ချက်များ၊ လုပ်ငန်းလည်ပတ်ရန် စီမံခန့်ခွဲမှုပညာရပ်များနှင့် အရည်အချင်း ပြည့်ဝသော သတင်းထောက် လိုအပ်ချက်များ အပါအ၀င် တိုင်းရင်းသားများ၏ မြန်မာစာပေတတ်မြောက်မှု၊ မိခင်ဘာသာစကားကို ဖတ်ရှုရန် စိတ်ဝင်စားမှု နည်းပါးခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်ဟု သူက ပြောသည်။

သံလွင်တိုင်းမ် သတင်းဂျာနယ်သည် ဂျာနယ်စောင်ရေ ၃၅၀၀ ဖြင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် ပအိုဝ်း လူမျိုးများ အတွက် အဓိကဦးတည်ပြီး မွန်-မြန်မာ နှစ်ဘာသာဖြင့် ဖြန့်ဝေနေသော ဂျာနယ်ဖြစ်သည်။

“ချင်းပြည်နယ်မှာဆိုရင် ဒေသ ဘာသာ စကားတွေက များတော့ စာဖတ်အား ပိုနည်းတယ်။ ဥပမာ – ဖလမ်းဘာသာနဲ့ ထုတ်မယ်ဆိုရင် ဖလမ်းမျိုးနွယ်စုတွေ လောက်ပဲ ဖတ်နိုင်တယ်” ဟု ချင်းသတင်းဌာန တခုဖြစ်သော ခိုနုမ်းထုန်မှ အယ်ဒီတာ ကိုဇလပ်ထက်နီက ပြောသည်။

ချင်းပြည်နယ်တွင် ဖလမ်း – မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေနေသော The Chinland Post ဂျာနယ်နှင့် မြန်မာ-အင်္ဂလိပ် ဘာသာ နှစ်မျိုးဖြင့် ထုတ်ဝေသော ခိုနုမ်းထုန် သတင်းဌာန နှစ်ခုသာ တရားဝင် ထုတ်ဝေခွင့်ရရှိထားပြီး လူမျိုးစု ဘာသာ စကားများဖြင့် ထုတ်ဝေနေသော သတင်းဂျာနယ် ၁၀ ခုခန့် ရှိနေကြောင်း သိရသည်။

ကယားပြည်နယ်၌ မြန်မာဘာသာဖြင့် ထုတ်ဝေနေသည့် တခုတည်းသော ဂျာနယ်ဖြစ်သည့် ကန္တရ ၀တီ သတင်းဌာနမှ အယ်ဒီတာ ဒေါ်ကယားထဲက ကယားလူမျိုးတွင် မိခင်ဘာသာစကား မရှိသည့် အတွက် မြန်မာဘာသာဖြင့် ထုတ်ဝေ ခြင်းကြောင့် ခက်ခဲမှု အလွန်အမင်း မရှိကြောင်း ပြောသည်။

တိုင်းရင်းသားများ ထုတ်ဝေနေသော ဂျာနယ်များနှင့် ပတ်သက်၍ တူညီသော အချက်မှာ အရှုံးများခြင်းကြောင့် တိုက်ပိုင် သတင်းထောက်များ ခန့်ထားနိုင်ခြင်း နည်းပါးကြောင်း၊ နိုင်ငံရေးပါတီများ၊ လူမှု အဖွဲ့အစည်းများနှင့် အလွတ်တန်း သတင်းထောက်များမှ ပို့ပေးသော သတင်းများကိုသာလျှင် အဓိက ထည့်သွင်းဖော်ပြနေရကြောင်း၊ ထိုက်သင့်သော စာမူခများ ပေးနိုင်ခြင်း မရှိကြောင်း သိရသည်။

ဂျာနယ် ထုတ်ဝေခွင့် အထိ ရရှိခဲ့ကြသော်လည်း ထုတ်ဝေသူများ အနေဖြင့် လက်ရှိအနေအထား များကြောင့် ဂျာနယ်ကို တလလျှင် အများဆုံး ၂ ကြိမ်သာ ထုတ်ဝေနိုင်ရုံ ရှိနေသေးကြောင်းနှင့် အများစုက တလလျှင် ၁ ကြိမ်၊ ၃ လ တကြိမ် ခန့်သာ ထုတ်ဝေကြသည်။

မွန်ဘာသာ သီးသန့်ဖြင့် ထုတ်ဝေနေသော စနောင်းတိုင်းမ် ဂျာနယ် (Guiding Star) မှ အုပ်ချုပ်မှုအယ်ဒီတာ ဦးမြင့်နိုင် ကလည်း တိုင်းရင်းသားများအား စာဖတ်ခြင်း အလေ့အကျင့် ရှိရန် မိခင်ဘာသာစကားဖြင့် ဂျာနယ်များ ထုတ်ဝေ၍ အစပျိုးနေဆဲ ကာလသာ ရှိနေခြင်းကြောင့် အရှုံးခံပြီး ထုတ်ဝေရန်သာ ရှိကြောင်း၊ လက်ရှိ အနေအထားတွင် များများထုတ် ပါက ပိုမိုအရှုံးပေါ်သည့်အတွက် ချင့်ချိန်၍သာ ထုတ်ဝေကြရကြောင်း ပြောသည်။

တိုင်းရင်းသား ဘာသာစကားဖြင့် ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းနှင့် စာအုပ်စာပေများ ထုတ်ဝေခြင်းကို အစိုးရက ၂၀၁၂ ခုနှစ် အတွင်း ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

No comments: