Tuesday, April 2, 2013

အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်း လူထုသဘောထား ဆန္ဒကန့်ကွက်မဲ အများဆုံးဟုဆို

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း အမှတ်(၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်မှုနဲ့ ပတ်သက်လို့ ကျေးရွာအုပ်စု ၅ အုပ်စုမှ ဒေသခံများ လူထုဆန္ဒခံယူပွဲ ကျင်းပရာမှာ လူထုသဘောထား ဆန္ဒကန့်ကွက်မဲ အများဆုံးဟု ယမန်နေ့က မာခရော်ရှေ့ကျေးရွာမှာ ကျင်းပပြုလုပ်တဲ့ မဲရလဒ်အရ သိရှိရပါတယ်။

၎င်းစစ်ရေးလေ့ကျင့်ကျောင်းနဲ့ ပတ်သက်လို့ ဧပြီလ ၁ ရက်နေ့မှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့် အစီအစဉ်ရှိခဲ့ပေမဲ့လို့ ခွင့်ပြုမိန့်မရခဲ့တဲ့အတွက် ယခုလို့ ဒေသခံတွေရဲ့ ဆန္ဒသဘောထား အမှန်ကို သိရှိနိုင်ဖို့ ခိုးလျှေဆိုတောင်သူ လယ်သမားကော်မီတီမှ ဦးဆောင်ပြီး လူထုဆန္ဒမဲပေးပွဲ တစ်ရပ်ကို ကျင်းပလိုက်တာဖြစ်ပါတယ်။

ခိုးလျှေဆို တောင်သူလယ်သမားကော်မတီအဖွဲ့မှ ဆရာသဲရယ်က ယခုလိုရှင်းပြပါတယ်။ "ကျနော်တို့ဒီဧပြီလ ၁ ရက်နေ့ပေါ့ လွိုင်ကော်မြို့မှာ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းနှင့် ပတ်သက်လို့ ကျနော်တို့ စီစဉ်နေတာ စာလည်းတင်ထားပြီးပြီ အဲဒါကိုဧပြီလ ၁ ရက်နေ့မှာ မဖြစ်တော့ဘူး အစိုးရလည်း ဒီအစီအစဉ်ကို ပယ်ချလိုက်တယ်။ ပယ်ချလိုက်တဲ့ အကြောင်းအရင်းကတော့ ဒီမိတ္ထီလာမှာ ဖြစ်ပျက်နေတဲ့ကိစ္စ ကယားပြည်နယ်မှာ ထပ်ပြီးတော့မှ ပြဿနာမဖြစ်ဖို့ကိစ္စ ချဲ့လာမယ်ဆိုပြီးစိုးရိမ်လို့ ပယ်ချလိုက်တယ်။
စီတန်းလှည့်လည်ခြင်း မလုပ်ဖြစ်ဘူးဆိုလည်း ကျနော်တို့ ဒီဒေသမှာရှိတဲ့လူထုတွေအားလုံးရဲ့ ဆန္ဒကို သူတို့ဒီအမှတ် ၁၄ ကျောင်းနဲ့ပတ်သက်ပြီးတော့မှ သူတို့ကန့်ကွက်တယ်မကန့်ကွက်ဘူး ဆိုတာအဓိက လူထုရဲ့ဆန္ဒကို အဓိကခံယူတာ ဖြစ်တယ်။"

၂၀၁၁ ခုနှစ်ဖေဖေါ်ဝါရီလမှာ တရားဝင်အစိုးရ စာရင်းအရမြေယာ ဧကပေါင်း (၂၇၀၀)ဧကကို သိမ်းယူခဲ့ ပါတယ်။ စိုက်ပျိုးမြေယာ အသိမ်းဆည်းခံရတဲ့ ဒေသခံတွေအနေနဲ့ အမျိုးမျိုးသော အခက်အခဲတွေ ရင်ဆိုင် ကြုံတွေ့ ရတဲ့အတွက်လို့ လူထုဆန္ဒခံယူပွဲအပြီး ထုတ်ပြန်ကြေငြာ ထားပါတယ်။

ဒေသခံအမျိုးသမီးတွေ အနေနဲ့လည်း ခြိမ်းခြောက်မှုတွေ၊ လွှတ်လပ်မှုတွေ မရှိတော့တဲ့အတွက် သင်တန်းကျောင်းကို အလိုမရှိကြောင်း မာခရော်ရှေ့ရွာမှ မဲဆန္ဒလာထည့်သွားတဲ့ ဒေါ်ပလျားမာက ယခုလိုရှင်းပြပါတယ်။

"သူတို့က ခြိမ်းခြောက်တာလည်းပါတယ် တောင်ယာသွားရင် မောင်းပြန်တာလည်းပါတယ်။ တောင်ယာတွေသွားရင်လည်း မလွှတ်လပ်တော့ဘူး အထူးသဖြင့် အမျိုးသမီးတွေပေါ့ ဘဝလုံခြုံမှု မရှိတော့ဘူး။ ဒီသင်တန်းကျောင်းနဲ့ ပတ်သက်ပြီးတော့ ကျမတို့လူထုတွေအနေနဲ့တော့ လုံးဝအလိုမရှိဘူး သူတို့အစက မြေလာသိမ်းတာတွေလည်း ဒေသခံကို အသိမပေးဘူး။"


ဆန္ဒမဲလာရောက်မဲပေးသူ စုစုပေါင်းလူဦးရေ ၅၆၄ ဦးအနက် ကန့်ကွက်မဲ ၅၀၉ မဲ ထောက်ခံမဲ ၆မဲ ပယ်မဲ ၄၉မဲ ရရှိခဲ့တာဖြစ်ပါတယ်။ မဲဆန္ဒလာထည့်သွားတဲ့ မာခရော်ရှေ့ကျေးရွာအုပ်စု ခိုးရားခူရွာမှ မပရေးမာကတော့ တောင်ယာခင်းသို့ မသွားလာရဲတော့ကြောင်း ပြောသွားပါတယ်။

"အဝေးတွေ ဘာတွေသွားရတဲ့ အခါမျိုးမှာဆိုရင် မသွားရဲမလာရဲတော့ဘူး ကြောက်တယ်။ ညနေညခင်းဆို မသွားရဲဘူး တောင်ယူသွားလို့ရှိရင် တယောက်တည်း မသွားရဲတော့ဘူးလေး သွားလာလို့ရှိရင် တောင်ယာခင်းတွေမှာဆို စတာတွေ နှောက်ပြောင်တာတွေလုပ်တော့ မသွားရဲတော့ဘူး"

လူထုဆန္ဒ ခံယူပွဲမစခင်မှာပဲ အမှတ် ၁၄ တပ်လေ့ကျင့်ရေးကျောင်း တည်ဆောက်နေတဲ့ မြေနေရာတွေပြန်ရဖို့ ဆုတောင်ပွဲတရပ် ဦးစွာ ကျင်းပပြုလုပ်သွားကြတာ ဖြစ်ပါတယ်။

ဒေသခံတွေ ကျေးရွာသူကျေးရွာတွေအပါအဝင် လွိုင်ကော်မြို့ ကက်သလစ် လက်ထောက်ဆရာတော်တျေးဖဲ နှင့်အတူ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်သွားကြတာ ဖြစ်ပါတယ်။

ဆုတောင်းပွဲအပြီးမှာတော့ ကေးလျားရွာမှ ကိုကျားရယ်က ယခုလို ဆုတောင်းရခြင်းအကြောင်းအရင်းကို ရှင်းပြပါတယ်။

"ကျနော်တို့ဆုတောင်းရတာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျနော်တို့ရဲ့ မြေနေရာတွေကို ပြန်လည်ပေးအပ်ဖို့ ကျနော်တို့ပြန်ရပ်တည်နိုင်ဖို့ ကျနော်တို့အတွက် စခန်းပြန်ဆုတ်ပေးနိုင်မလားပေါ့ အဲဒါတွေနဲ့ပတ်သက်လို့ အေးအေးချမ်းချမ်းနဲ့ ကျနော်တို့ လုပ်သွားခြင်းဖြစ်ပါတယ်။ ကျနော်တို့ အထက်လူကြီးကိုတင်ပြလည်း အကြောင်းကမပြန်ဘူး မထူးခြားဘူး ကျနော်တို့အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပဲ ဘုရားကိုပဲ ဆုတောင်းရတာပေါ့ ဘုရားကိုပဲ အသနားခံရတော့တာပေါ့"

ဆုတောင်းပွဲအပြီးမှာတော့ မဲဆန္ဒသဘောထားခံယူပွဲ ဆက်လက်ကျင်းပသွားတာ ဖြစ်ပါတယ်။ မဲဆန္ဒထည့်သွားတဲ့ ကျေးရွာ အုပ်စုများမှာ တပ်လေ့ကျင့်ရေးကျောင်း တည်ဆောက်မည့် မာခရော်ရှေ့အုပ်စု၊ မြို့မအုပ်စု ၊ နှင့် တခြားသော ကျေးရွာအုပ် စုတွေဖြစ်ကြတဲ့ ဒိုးပရယ်အုပ်စု၊ ထီးပေါဆိုအုပ်စု၊ ကေးလျားအုပ်စု တို့ဘက်မှ ဒေသခံတွေဖြစ်ကြပါတယ်။

တခြားသောဒေသဘက်မှ ယခုလို လာရောက်မဲဆန္ဒထည့်ရခြင်းကိုတော့ ထီးပေါဆိုကျေးရွာအုပ်စု ထီးသော်ကူးကျေးရွာမှ ဦးဆော်ရယ်က ယခုလိုရှင်းပြပါတယ်။

"အဲဒီဖက်မှာ တပ်တည်တယ်ဆိုတော့ ကျနော်တို့ ရွာသူရွာသားတွေအတွက် အကျိုးမရှိဘူးလေး ကျနော်တို့ရဲ့ ခြံယာမြေယာတွေကို လာကျူးကျော်တယ် ဒါ့အပြင်ကျနော်တို့ရဲ့ အမျိုးသမီး၊ သားသမီးတွေအထိ ပါသွားနိုင်တယ်။ ကျနော်တို့က အဝေးမှာနေတယ် ဆိုပေမဲ့လို့ ကျနော်တို့နဲ့မဆိုင်ဘူးလို့ မပြောနိုင်ဘူး တဖြည်းဖြည်းနဲ့ဆက်စပ်ပြီး ကျယ်ကျယ်လာတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ဆီကို ဒီဆိုးကျိုးတွေက ရောက်လာနိုင်တယ်"

ဒေသခံတွေအနေနဲ့ အဓိကတောင်းဆိုနေတာကတော့ သိမ်းဆည်းပြီး မြေယာများ ပြန်လည်ရရှိဖို့နဲ့၊ တည်ဆောက်ပြီးစီးပြီးဖြစ်တဲ့ စစ်လေ့ကျင့်ရေးကျောင်း အဆောက်အဦးများကို လူထုအကျိုးပြုတဲ့ အခြားလုပ်ငန်းများနှင့် အစားထိုးအသုံးပြုဖို့ တောင်းဆို ထားကြပါတယ်။

No comments: