Tuesday, April 2, 2013

နှစ်ပေါင်း ၅၀ နီးပါးအတွင်း နေ့စဉ်သတင်းစာ ပထမကြိမ် ထုတ်ဝေ

ABC

မြန်မာနိုင်ငံမှာ ​နှစ်ပေါင်း ​၅၀ ​နီးပါးအတွင်း ​ပုဂ္ဂလိကပိုင် ​နေ့စဉ်သတင်းစာ ​၄ ​စောင် ​ပထမဆုံးအကြိမ် ​ထုတ်ဝေခဲ့ကြပါတယ်။

ဧပြီလ ​၁ ​ရက်နေ့ကစပြီး ​နေ့စဉ်ထုတ်ဝေဖို့ ​သတင်းစာ ​၁၆ ​စောင်က ​ခွင့်ပြုချက် ​ရထားပေမယ့် ​ငွေရေးကြေးရေး ​အခက်အခဲ၊ ​လိုအပ်တဲ့ ​ပစ္စည်းအသုံးအဆောင် ​အခက်အခဲနဲ့ ​သတင်းထောက် ​ရှားပါး ​မှုတွေကြောင့် ​၄ ​စောင်သာ ​ထုတ်ဝေနိုင်ခဲ့တာ ​ဖြစ်ပါတယ်။

၎ ​စောင်ထဲက ​သုံးစောင်ဟာ ​အခမဲ့ ​ထုတ်ဝေနေတာ ​ဖြစ်ပြီး ​မြန်မာအစိုးရနဲ့ ​နီးစပ်တဲ့ ​ပြည်ထောင်စုအသံ ​သတင်းစာကတော့ ​ဧပြီလ ​တစ်ရက်အမှီ ​ထုတ်ဝေနိုင်ပေမယ့် ​ပြိုင်ဖက် ​NLD ​ပါတီပိုင် ​ဒီလှိုင်း ​သတင်းစာ ​ကတော့ ​နေ့စဉ်ထုတ်ဝေဖို့ ​ပြင်ဆင်နေဆဲ ​ပဲလို့ ​ရိုက်တာသတင်းမှာ ​ဖော်ပြထားပါတယ်။

ပုဂ္ဂလိကပိုင် ​သတင်းစာ ​၄ ​စောင်စလုံး ​စောစောစီးစီး ​ကုန်သွားတယ်လို့ ​လမ်းဘေးမှာ ​သတင်းစာတွေ ​ရောင်းချသူတစ်ဦးက ​ရိုက်တာ ​သတင်းကို ​ပြောပါတယ်။

ခုထုတ်ဝေလိုက်တဲ့ ​သတင်းစာတွေကတော့ ​The ​Voice ​Daily, ​Golden ​Fresh ​Land, ​စံတော်ချိန်နဲ့ ​ပြည်ထောင်စုအသံတို့ဖြစ်ကြပြီး ​အားလုံးက ​မြန်မာဘာသာနဲ့ ​ထုတ်ဝေကြတာဖြစ်ပါတယ်။

ထုတ်ဝေခွင့်လိုင်စင် ​ရထားတဲ့ ​သတင်းစာတစ်ခုဖြစ်တဲ့ ​မြန်မာထိုင်းမ်စ်သတင်းစာကတော့ ​လာမယ့်လမှာ ​နေ့စဉ်ထုတ်ဝေမှာ ​ဖြစ်တဲ့အတွက် ​ခုအခါမှာ ​ပြင်ဆင်မှုတွေ ​အကြီးအကျယ်လုပ်ဆောင်နေပြီး ​သတင်းထောက်သစ် ​ခေါ်ယူတာတွေလည်း ​လုပ်နေတယ်လို့ ​လက်ထောက်အယ်ဒီတာ ​ဦးဆန်းဦးက ​ပြောပါတယ်။

သတင်းစာတစ်စောင်ရဲ့ ​တန်ဖိုးက ​ကျပ်ငွေ ​၂၀၀၊ ​အမေရိကန်ဒေါ်လာ ​၃၀ ​စင့်လောက်ရှိတဲ့အတွက် ​တချို့လူတွေ ​ဝယ်ဖတ်နိုင်ဖို့ ​အခက်အခဲဖြစ်နိုင်တယ်လို့လည်း ​ပြောသွားခဲ့ပါတယ်။

No comments: