Saturday, April 6, 2013

အမဲရောင် သောကြာနေ့ 

မီမာ

နေ၀န်းတောက်ပတဲ့ နံနက်ခင်းလေးတခုမှာ ကျမနဲ့ အပေါင်းပါအချို့က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့ကနေ ဖိုးဝီးကားဖြင့် မောင်းနှင်ထွက်ခွာ လာခဲ့ပါတယ်။

မင့်မားတဲ့တောင်တန်းတွေ၊ ကောက်ကွေ့တဲ့ စမ်းချောင်းတွေကို အခေါက်ခေါက်အခါခါ ဖြတ်ကျော်ရင်း နှစ်နာရီခွဲခန့် အကြာမှာတော့ မယ်စူရင်းခေါ် ကရင်နီအမှတ် -၂ ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့တဲ့အခါမှာ ခါတိုင်းလို စိမ်းလန်းစိုပြေတ မြင်ကွင်းလေးမဟုတ်တော့ပဲ ပူပြင်း၊ ခြောက်သွေ့ ပြီး အမဲရောင်သန်းနေတဲ့ တံခါးဝက ကျမတို့ ကို လှမ်းကြိုဆိုနေလျက် ရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီလိုအမဲရောင်သန်းနေတဲ့ အရောင်တွေက အဲဒီက နေရာဒေသတွေအပါအဝင် ဖေါ်ရွှင်ပြီး အပြုံးပန်းလေးတွေနဲ့ ရှိနေတတ်ကြတဲ့ လူတွေတိုင်းတောင် အဲဒီအရောင်တွေက လွှမ်းခြုံထားပါတယ်။

စခန်းအ၀င်ဝမှာဆိုလျှင် မယ်စူရင်းမှာ တခါမျှမမြင်ဖူးခဲ့တဲ့ ကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ မျက်နှာ စိမ်းလူတွေက ပြည့်ကြပ်၊ ရှုပ်ထွေးနေပါတယ်။ ထိုင်းပြည်သူ့ စစ် (အောဆော်)က ဂိတ်ချထားပြီး ၀င်လာတဲ့သူတွေကို စစ်ဆေးမေးမြန်း၊ စရင်းပေးသွင်းခိုင်းနေတာ ဖြစ်ပါ တယ်။ ဘေးတ၀ိုက်မှာလည်း ထိုင်းစစ်တပ်တွေ၊ ပုလိပ်တွေအပါအ၀င် ဌါနပေါင်းစုံက ထိုင်းအာဏာပိုင်တွေ၊ အဲန်ဂျီအို ၀န်ထမ်းတွေသာမက မီးလောင်မှုအဖြစ်အပျက်ကို စိတ်ဝင်စားလို့ လာရောက် လေ့လာသူ၊ စာနာစိတ်အပြည့်နဲ့ လာရောက်ကူညီနေကြသူ တသီးပုဂ္ဂလတွေနဲ့ ပြည့်ကြပ်လို့နေပါတယ်။

ချောင်းရဲ့နံဘေးတလျှောက်မှာတော့ မှိုပွင့်ပမာ မိုးကာတဲငယ်ကလေးတွေထဲမှာ တွေဝေတဲ့မျက်ဝန်းများနဲ့ ရှုပ်ထွေးမှုတွေကို ငေးမောလို့ နေပါတယ်။ ပူပင်သောကမှုကို နားမလည်ရှာသေးတဲ့ ကလေးငယ်တွေအတွက်တော့ ကလေးသဘာဝပီပီ ပြေးလွှားဆော့ကစားနေကြပြီး စေတနာရှင်အသီးသီးက လာရောက်လှူဒါန်းဝေမျှတဲ့ မစားဖူးတဲ့မြို့ပြကလာ တဲ့စားစရာတွေ၊ အ၀တ်အထည်အသစ်တွေနဲ့ ကျေနပ်နေပုံရပါတယ်။

မယ်စူရင်းဟာ ကျမရဲ့ ရွာဟောင်းလေး ပါလို့ ပြောရင်လည်း မမှာပါဘူး။ ကျမအတွက် နားခိုစရာ နေရာလေးဖြစ်တဲ့အပြင် ကျမဘ၀အတွက် အခြေခံကျလှတဲ့ အသိပညာ၊ ဗဟုသုတနဲ့ အတွေ့ အကြုံအမျိုးမျိုးကို ပေးစွမ်းခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ နေရာလေးဖြစ်တဲ့ အတွက် မရောက်ဖြစ်တာကြာပေမဲ့ သံယောဇဉ်တော့ ဘယ်တော့မှ မကုန်ခမ်းနိုင်တဲ့ နေရာလေးပါ။

မယ်စူရင်းဟာ ဒုက္ခသည်စခန်း ပါလို့ ဆိုပေမဲ့ ရောက်ဖူးသူများအတွက်တော့ သာယာတဲ့ ကျေးလက်တောရွာလေးတရွာလို့သာ ခံစားလေ့ရှိကြပါတယ်။

သဘာဝသစ်တောတွေ ၀ိုင်းရံထားပြီး စမ်းချောင်းလေးက ဖြတ်စီးသွားတဲ့အခါမှာ ကြည့်လိုက်ယင်တော့ ပန်းချီကားချပ်ပမာ သဘာဝအလှနဲ့ ပြည့်စုံပေမဲ့ နှစ်ကာလကြာရှည်စွာ နေထိုင်လာရသူများအတွက်တော့ ဒီအလှပန်းချီကို ခံစားနိုင်တော့မယ် မထင်ပါ။

စစ်ဘေးဒဏ်ကြောင့် ကိုယ်ချစ်လှတဲ့ကိုယ့်ဇာတိမြေ ကို စွန့်ခွါပြီး ဒီနေရာလေးမှာ အသက်ချမ်းသာရရှိဖို့ အတွက် လာရောက်ခိုလုံ နေကြသူတွေအဖို့ တော့ စိတ်ကျဉ်းကြပ်စရာတွေ၊ ရင်လေး၊ ပူဆွေးစရာတွေ နေ့ စဉ်နဲ့ အမျှ အထပ်ထပ်အလွှာလွှာ ရင်ဆိုင်ခံစားနေရလို့ပါပဲ။

အိမ်ပြန်နိုင်မဲ့ နေ့ရက်အချိန်ကို စောင့်မျှော်ယင်း - မျှော်လင့်ချက်လမ်းတ၀က်မှာပဲ စွမ်းအားကြီးပေမဲ့ - စာနာမှုကင်းမဲ့လှတဲ့ မီးဘေးတခုကြောင့် ပြီးခဲ့တဲ့ သောကြာနေ့ မှာပဲ နှစ်ပေါင်းများစွာ ထားရှိခဲ့တဲ့ သူတို့ ရဲ့မျှော်လင့်ချက်နဲ့ အတူ သူတို့ အသက်ပါ တခဏတာအတွင်းမှာ ဆုံးရှုံး၊ လောင်ကျွမ်းသွားခဲ့ရရှာပြီပေါ့။ မယ်စူရင်းခမျာမှာ ဒီကြေကွဲမှုကြောင့် အရင်ကလို သူ့ရဲ့သဘာဝအလှကို မဆယ်နိုင်တော့ပဲ အစိမ်းရောင်မှ အမဲရောင်သို့ ပြောင်းလဲခဲ့ရရှာပါပြီ။

အိမ်မက်တောင် မက်ဖူးလိမ့်မယ်မထင်တဲ့ ဒီလိုကြေကွဲဖွယ်ရာ အဖြစ်လေးဟာ အခုဆိုယင် ရက်သတ္တပါတ် ကြာသွားခဲ့ပြီဖြစ်ပေမဲ့ လူအများရဲ့ အတွေးတွေထဲတော့ လတ်ဆတ်၊ ပူနွေးနေဆဲပါ။ သတင်းတွေကို လှန်ကြည့်လိုက်ယင် ဒီအဖြစ်အပျက်က ပါနေဆဲ။

ပြည်တွင်းစစ်ကြောင့် တပါးနိုင်ငံကို လာရောက် ခိုလှုံနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပေမဲ့ ဇာတိမြေကို ဘယ်တော့အချိန်မှပြန်နေခွင့်ရမလဲ၊ ဒီတသက်မှာ.. ပြန်နိုင်ဖို့ အခွင့်အလမ်းလေးကော ရလာနိုင်ဦးမလား ? ဆိုတဲ့ဒုက္ခသည်တွေရဲ့ နက်ရှိုင်းလှတဲ့ ဒီမေးခွန်းကို ဘယ်သူ ဖြေပေးနိုင်မှာလဲ…

ဒုက္ခသည်ဘ၀အဖြစ် မနေဖူးသူအတွက်တော့ ပျော်စရာပါလို့ ထင်ကောင်းထင်မိမှာပါ။ အခြေခံကျတဲ့ စား၊ ၀တ်၊ နေရေးအတွက် စေတနာရှင်တွေက ထောက်ပံ့ကူညီပေးပေမဲ့ သာမန်လူသားတယောက်လို ကိုယ့်နိုင်ငံမှာ ဂုဏ်သိက္ခာရှိရှိနဲ့  ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်အသက်ရှင်ဖို့ ဆိုတာက ဒုက္ခသည်အများစုရဲ့ ရည်မှန်းချက်ပါ။

ဒုက္ခသည်စခန်းမှာ နိုင်ငံသားမဲ့ဘ၀နဲ့ မွေးဖွါး၊ ကြီးပြင်းလာရခဲ့ရတဲ့ ကလေးငယ်တွေ တနေ့တခြား တိုးလာပါတယ်။ နိုင်ငံသားမဲ့တဲ့ အကျိုးအဆက်ကြောင့် ဘ၀မှာလည်း မျှော်လင့်ချက် ကင်းမဲ့ခဲ့ရတဲ့နေ့ရက်တွေ ရေတွက်လို့ မရနိုင်တော့ပါ။ လူသားမှန်ယင် မျှော်လင့်ချက်၊ ဘ၀ရည်မှန်းချက်ဆို ရှိရတယ်လို့ ဆိုကြပေမဲ့ ဒုက္ခသည် အတွက်တော့ မျှော်လင့်ချက်၊ ရည်မှန်းချက်ဆိုတာ အိမ်မက်လိုသာ ဖြစ်ပါတယ်။ မျှော်လင့် ချက်နဲ့ လက်တွေ့ ဘ၀ကခြားနား လွန်းတော့ ရှေ့ဆက်မျှော်လင့်ဖို့ စွမ်းအားတွေက နည်းတထက် နည်းလာရပါတယ်။

မြန်မာနိုင်ငံရေး အခြေအနေအချို့ ပြောင်းလဲလာလို့  ဒုက္ခသည်တွေအဖို့  မျှော်လင့်ချက် အလင်းတန်းလေးရရှိလာပေမဲ့ အိမ်ပြန်နိုင်မည့် အခွင့်အလမ်းလေးကိုတော့ အမှန်တကယ် ရရှိနိုင်ပါ့မလားဆိုတဲ့ သံသယနဲ့ စောင့်မျှော်နေသူတွေက အများပါ။


စစ်ဒုက္ခသည်ဘ၀မှ မကင်းလွှတ်နိုင်သေးပေမဲ့ အခုတော့ မီးဒုက္ခဘ၀သို့ ထပ်ဆင့် ရောက်ရှိသွားရပြန်ပြီပေါ့။ သောကြာနေ့ အဖြစ်ဆိုးကြီးကြောင့် စခန်း ၂ က ဒုက္ခသည်တွေရဲ့အကြောင်း သိသူ၊ ကြားသူနဲ့ မြင်တွေ့သူတွေကတော့ “ဒုက္ခသည်နှစ်ထပ်ကွမ်း”လို့ တောင်တင်စားခေါ်ဝေါ် လိုက်ကြပါပြီ။ စစ်ဘေးဒုက္ခမပြီးဆုံးခင် မီးဘေးဒုက္ခ၊ ထပ်ရောက်လာတာ… နှောင်နေ့ တွေမှာလည်း ဘယ်လိုဒုက္ခမျိုး ထပ်လာဦးမလဲ…. ဒီဘ၀မှာဒီဒုက္ခပဲ နောက်ဆုံးဖြစ်ပါစေလို့ စခန်း၂ ကိုကျောခိုင်း မထွက်ခွာခင် ဆန္ဒပြုရင်း…

No comments: