Wednesday, April 24, 2013

မိုးမကျခင် အသိမ်းခံ လယ်များ ပြန်ပေးပါ

ဆလိုင်းသန့်စင်

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အကြောင်း အမျိုးမျိုးကြောင့် သိမ်းဆည်းထားသည့် လယ်မြေများအား မကြာမီ ကျရောက်တော့မည့် မိုးစပါးစိုက်ပျိုးချိန်အမီ လယ်သမားများထံ ပြန်လည်ပေးအပ်ရန် တောင်သူလယ်သမား၊ ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂက ပြည်ထောင်စုအစိုးရထံ တောင်းဆိုလိုက်သည်။

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့တွင် ယမန်နေ့က တောင်သူလယ်သမားနှင့် ရေလုပ်သားများ ညီလာခံကို ပထမဆုံးကျင်းပခဲ့ရာ ယင်းညီလာခံကြီးမှ လယ်ယာမြေများ မိုးစပါးချိန်အမီ ပြန်ပေးရန်၊ လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်ပေးရန်နှင့် စပါးဈေးကို တောင်သူ လယ်သမားများ တွက်ခြေကိုက်မည့်ဈေးနှုန်းဖြင့် အစိုးရမှတာဝန်ယူပေးရန်အပါအ၀င်အချက် ၁၁ ချက် ထုတ်ပြန်တောင်းဆိုခဲ့ကြသည်။

“တောင်သူလယ်သမားတွေဟာ မိုးကျလာရင် ပျိုးထောင်ရပါတယ်။ ပျိုးရမှ လယ်ကို ပြည့်မီအောင် ကောက်စိုက်ရပါတယ်။ မိုးတအားရွာလာရင် ပျိုးထောင်လို့ မရပါဘူး။ ပျိုးထောင်လို့မရရင် လယ်သမားက ဒီတရာသီစပါးစိုက်လို့ မရတော့ပါဘူး။ မကြာခင်မှာ ပျိုးထောင်ရမယ့် အရေးကြီးအချိန် ရောက်တော့မှာဖြစ်တဲ့အတွက် ဒီအချိန်မတိုင်မီ လယ်ယာမြေတွေကို ပြင်ဆင်ဖို့အမြန်ပေးပါလို့ အစိုးရကို တောင်းဆိုရခြင်းပဲ ဖြစ်ပါတယ်”ဟု တောင်သူလယ်သမား၊ ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂက ဥက္ကဋ္ဌ ဦးသိန်းဝင်းက ဧရာဝတီကို ပြောသည်။

ပန်းတနော်မြို့ အကယ်ချောင်းကျေးရွာတွင်ကျင်းပသည့် ညီလာခံသို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီး၊ မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ တက်ရောက်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၁၈ မြို့နယ်မှ လယ်သမားနှင့်ရေလုပ်သားကိုယ်စားလှယ် ၄၀၀၀ ကျော် တက်ရောက်ခဲ့သည်။

လယ်သမားများအနေဖြင့် မိမိလယ်ကို မိမိ လွပ်လပ်စွာ လုပ်စားပိုင်ခွင့်ရရှိအောင် တောင်းဆိုသွားရမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ညီလာခံတွင် ပြောဆိုသွားသည်။

“ကျနော်တို့ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရတဲ့ကိစ္စကတော့ လယ်သမားတွေဟာ ကိုယ့်လယ်ကို ကိုယ်တိုင် လွပ်လပ်စွာ လုပ်မစားရဘဲ သူများကိုပဲ ပေးစားခဲ့တဲ့ အစိုးရချည်းပဲ ကြုံတွေ့ခဲ့ရတယ်။ လယ်သမားတွေအနေနဲ့ ဘယ်သူပဲ အာဏာရရ သေချာတာတခုကတော့ ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်လုပ်ယူရလိမ့်မယ်”ဟု ကိုဂျင်မီက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတခုလုံးတွင် နည်းအမျိုးမျိုးဖြင့် သိမ်းဆည်းခံထားရသည့် လယ်ယာမြေဧက ၁ သိန်းကျော် ရှိနေပြီး ပန်းတနော်၊ ဓနုဖြူနှင့် ညောင်တုန်းမြို့နယ် ၃ ခုမှာပင် လယ်ဧက ၁ သောင်းကျော် သိမ်းဆည်းခံထားရကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် ဆင်းရဲမွဲတေမှုလျော့ချရေးကို စီမံကိန်းဖြင့်လုပ်ကိုင်နေသော်လည်း တိုင်းပြည် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည့် တောင်သူလယ်သမားများ၏ သိမ်းဆည်းခံ လယ်ယာမြေများအား ပြန်မပေးသမျှကာလပတ်လုံး တောင်သူလယ်သမားများ ဆင်းရဲ မွဲတေနေမည်သာဖြစ်ကြောင်းနှင့် စီမံကိန်းသည်လည်း အောင်မြင်မည်မဟုတ်ကြောင်း တောင်သူလယ်သမား၊ ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂက ပြောသည်။

“သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆင်းရဲမွဲတေမှုလျော့ချရေး ဆောင်ရွက်နေတဲ့အခါမှာ တောင်သူလယ်သမားတွေရဲ့ ဆင်းရဲမွဲတေမှုလျော့ချဖို့ဆိုရင် ဒီလယ်မြေတွေကိုရမှ ဒီလယ်မြေတွေကို လုပ်ကိုင်စားရမှ သူတို့ဘ၀တွေဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။ တောင်သူလယ်သမားအားလုံးက ဒီလယ်မြေတွေကို မဖြစ်မနေ အရေးတကြီး လိုအပ်နေပါတယ်”ဟု ဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောသည်။

အကယ်၍ လယ်ယာမြေများပြန်မပေးခဲ့ပါက ယခုနှစ် မိုးရာသီစိုက်ပျိုးကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးအနှံ့အပြား၌ လယ်သိမ်းသူနှင့် လယ်သိမ်းခံလယ်သမားတို့ကြား ပဋိပက္ခများဖြစ်ပွားလာနိုင်ပြီး ဒေသတည်ငြိမ်မှုကိုပါ ထိခိုက်လာဖွယ်ရာရှိကြောင်း သူက ဆိုသည်။

ညီလာခံတွင် မြို့နယ် ၁၈ မြို့နယ်မှ လယ်သမားခေါင်းဆောင်များက ၎င်းတို့လယ်ယာမြေများ မတရားသိမ်းဆည်းခံနေရကြောင်းနှင့် ပြန်လည်ရယူကာ စိုက်ပျိုးထွန်ယက် စားသောက်လိုကြောင်း တင်ပြသွားခဲ့ကြသည်။

“ကျနော်တို့ လယ်သမားတွေမှာ လုပ်စရာလယ်မရှိလို့ ၀မ်းဟောင်းလောင်းဖြစ်နေတာ ကြာနေပြီ။ အဲဒီလယ်တွေပြန်လိုချင်လို့ ဌာနဆိုင်ရာအဆင့်ဆင့်ကို တင်ပြတောင်းဆိုတာတွေ လုပ်တော့လည်း ဘာမှထူးမလာဘူး။ အဲတော့ နည်းလမ်းတကျ တင်ပြတောင်းဆိုလို့ မရရင်တော့ ကျနော်တို့က တိုက်ယူသင့်ရင် ယူရမှာပဲ။ လယ်သမားတွေရဲ့ ၀မ်းဟောင်းလောင်းဟာ စားစရာမရှိရင် ကျည်ဆံကိုလည်း မျိုချသင့်ရင် မျိုချရမှာပဲ။ မျိုချဖို့လည်း ကျနော်တို့ဝန်မလေးဘူးဆိုတာ ပြောချင်တယ်”ဟု ကျုံပျော်မြို့နယ် လယ်သမားခေါင်းဆောင်က ညီလာခံတွင် ပြောဆိုသွားသည်။

ညီလာခံသို့ အနုပညာရှင်များဖြစ်သည့် လူရွှင်တော် မေတ္တာ၊ ဗေလုဝနှင့် မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့တို့က လာရောက်ဖျော်ဖြေခဲ့ပြီး လယ်သမားများအား အားပေးစကားများ ပြောကြားခဲ့ကြသည်။

ပန်းတနော်မြိုအခြေစိုက် တောင်သူလယ်သမား၊ ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြို့နယ် ၁၈ မြို့နယ်၌ သမဂ္ဂအဖွဲ့ဝင်အင်အား ၃ သောင်းကျော်ရှိကြောင်း သိရသည်။

No comments: