Wednesday, May 22, 2013

ABSDF (မြောက်ပိုင်း) ငြိမ်းချမ်းရေး ကိုယ်စားလှယ်ကို အစိုးရ တာဝန်မယူ

သျှမ်းသံတော်ဆင့်

ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရန်ကုန်မြို့သို့ ထွက်ခွာမည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ တရုတ်နယ်စပ် KIO ထိန်းချုပ်နယ်မြေ အခြေစိုက် ABSDF (မြောက်ပိုင်း) ကိုယ်စားလှယ်အား အစိုးရဘက်မှ လမ်းခရီးကိစ္စ တာဝန်မယူနိုင်ဟု အကြောင်းကြားခဲ့သဖြင့် ယနေ့ရန်ကုန်မြို့တွင် ပြုလုပ်နေသည့် နှစ်ဘက်ဆွေးနွေးပွဲသို့ မြောက်ပိုင်းကိုယ်စားလှယ် လိုက်ပါ တက်ရောက်နိုင်ခြင်း မရှိ ကြောင်း သိရသည် ။

ABSDF ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ၄င်းတို့ ဗဟိုဋ္ဌာနချုပ်ရှိရာ ထိုင်းနယ်စပ်မှ ရန်ကုန်မြို့သို့ မေလ ၁၉ ရက်နေ့က စတင်ထွက်ခွာသွားပြီး ယနေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးကော်မတီနှင့် ရန်ကုန်မြို့၌တွေ့ဆုံဆွေးနွေးနေကြောင်း ABSDF (မြောက်ပိုင်း) မှ ဗိုလ်မှူးမင်းဌေးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကျနော်တို့ ဗဟိုကော်မတီ စုံညီအစည်းအဝေးကနေပြီး တွေ့ဆုံဆွေးနွေးရေးအဖွဲ့ကို မြောက်ပိုင်းက ကိုယ်စားလှယ် တစ်ဦး ၊ အနောက်ပိုင်း တစ်ဦး ၊ တောင်ပိုင်းက ဗဟိုကော်မတီဝင် ၃ ဦး အားလုံး ၅ ဦးနဲ့ ဖွဲ့လိုက်တယ် တွေ့ဆုံဆွေးနွေးမဲ့ ကာလ ရောက်တော့ မြောက်ပိုင်းအနေနဲ့ ကိုယ်စားလှယ် အမည်တင်သွင်းတယ်ပေါ့နော် ရန်ကုန်သွားမဲ့လမ်းခရီးပေါ့နော် လမ်း ခရီးနဲ့ ပတ်သက်ပြီး မြောက်ပိုင်းကိုတော့ ဘာမှမစီစဉ်ပေးနိုင်ဘူးလို့ အကြောင်းပြန်လာတယ် ဆိုတော့ ဒီဆွေးနွေးပွဲမှာ မြောက်ပိုင်းကိုယ်စားလှယ်က မပါသွားတော့ဘူးပေါ့ ” ဟု သူက ပြောသည် ။

ထိုသို့ အစိုးရဘက်မှ တာဝန်မယူသည့် ကိစ္စ အပေါ် သူက ဆက်ပြောရာတွင် “ဆိုလိုတဲ့သဘောကတော့ ကိုယ့်ဟာ ကိုယ် လာချင်ရင်လာပေါ့ လုံခြုံရေးတော့ တာဝန်မယူဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေတယ်လေ အစိုးရတစ်ရပ်အနေနဲ့ ဒီလမ်းခရီးကိစ္စလေးကိုတောင် မစီစဉ်ပေးနိုင်ဘူးဆိုတော့ မလာစေချင်တဲ့ သဘောပါပဲ ” ဟု ဆိုသည်။

အစိုးရ၏ ယခုလုပ်ရပ်မှာ နိုင်ငံတကာ ဖိအားကြောင့်သာ ငြိမ်းချမ်းရေးကို ဟန်ပြ လုပ်ဆောင်နေခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပုံမရကြောင်း တစ်ဖွဲ့ကိုအပစ်ရပ်နားလိုက် ကျန်တစ်ဖွဲ့ကိုတိုက်လိုက် လုပ်ဆောင်နေကြောင်း ပြည်တွင်း စစ်ရပ်စဲရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖေါ်ဆောင်ရန် လိုအပ်ကြောင်း စစ်ပြင်ဆင်မှုများ တပ်တိုးချဲ့ မှုများကို တရားဝင် ရပ်ဆိုင်းရန် လိုကြောင်းလည်း ဆက်ပြောသွားသည်။

ယခု ABSDF နှင့် အစိုးရကိုယ်စားလှယ်များ၏ ရန်ကုန်ဆွေးနွေးပွဲမတိုင်မီ ကာလအတွင်း အစိုးရဘက်မှ KIO ထိန်းချုပ်ရာ တရုတ်နယ်စပ် လိုင်ဇာဒေသတစ်ဝိုက်တွင် သံချပ်ကာ နှင့် တင့်ကားများ အပါအဝင် စစ်အင်အား တိုးချဲ့မှုများ ဆက်တိုက် ပြုလုပ်နေကြောင်းလည်း သိရသည်။

No comments: