Wednesday, May 22, 2013

မြန်မာနဲ့ကန် ကုန်သွယ်ရေးကိစ္စ သဘောတူ လက်မှတ်ထိုး

ABC

မြန်မာနိုင်ငံ ​သမ္မတဦးသိန်းစိန် ​အမေရိကန်နိုင်ငံကို ​ရောက်ရှိနေချိန်မှာပဲ ​မြန်မာနိုင်ငံနဲ့ ​အမေရိကန် ​နှစ်နိုင်ငံကြား ​ကုန်သွယ်ရေးနဲ့ ​ရင်းနှီးမြုပ်နှံမှု ​မူဘောင်သဘောတူညီချက်တွေကို ​လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ​ကူးသန်းရောင်းဝယ်ရေးဒုဝန်ကြီး ​ဒေါက်တာပွင့်ဆန်းနဲ့ ​အမေရိကန် ​ကုန်သွယ်ရေးဌာနတို့က ​သဘောတူ ​လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ​နှစ်နိုင်ငံကြား ​အပြန်အလှန် ​ဆွေးနွေးမှု ​ပိုမိုရရှိဖို့၊ ​ရင်းနှီးမြုပ်နှံမှု ​များပြားဖို့နဲ့ ​မြန်မာပြည်သူတွေအတွက် ​အကျိုးရှိမယ့် ​ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ​လုပ်ကြဖို့ ​ရည်ရွယ်ပြီး ​သဘောတူကြတာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်ပေါ်နေတဲ့ ​ပြောင်းလဲမှုတွေအပေါ် ​အမေရိကန်သမ္မတ ​ဘားရက်အိုဘားမားက ​ထောက်ခံမှုတွေ ​ပြုပြီးနောက် ​ခုလို ​သဘောတူညီချက်တွေ ​ရရှိတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​ပွင့်လင်းမြင်သာမှု၊ ​တရားဥပဒေစိုးမိုးမှုတွေရှိမှ ​စီးပွားရေးတိုးတက်ပြောင်းလဲမှုတွေ၊ ​ကုန်သွယ်ရေး၊ ​ရင်းနှီးမြုပ်နှံရေးတွေ ​တိုးတက်လာနိုင်မှာ ​ဖြစ်တဲ့အတွက် ​မြန်မာနိုင်ငံ ​ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ​ဆက်လက်အားပေးသွားမယ်လို့ ​အမေရိကန်ကုန်သွယ်ရေးဌာနက ​ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ ​မြန်မာနိုင်ငံက ​အလုပ်သမားတွေရဲ့ ​အခွင့်အရေးနဲ့ ​ပတ်သက်ပြီးတော့လည်း ​ပိုမိုကောင်းမွန်အောင် ​လုပ်ဆောင်ဖို့ ​မြန်မာအစိုးရနဲ့ ​ဆွေးနွေး ​ပြုလုပ်သွားမယ်လို့ ​ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ ​ထုတ်ပြန်ချက်အရ ​၂၀၁၃ ​ခုနှစ် ​၃ ​လပိုင်းအထိ ​အမေရိကန်နဲ့ ​မြန်မာနှစ်နိုင်ငံကြား ​ကုန်သွယ်ရေးတန်ဖိုးက ​ဒေါ်လာ ​သန်းပေါင်း ​၉၀ ​ရှိပြီး ​အဲဒီထဲက ​အမေရိကန်က ​မြန်မာနိုင်ငံကို ​ဒေါ်လာ ​၈၉ ​သန်း ​တန်ဖိုး ​တင်ပို့ရောင်းချခဲ့တယ်လို့ ​ဖော်ပြထားပါတယ်။

No comments: