Tuesday, May 21, 2013

AHRDO က ရခိုင့်လူမှု အရေးအရာမှန်သမျှ ရခိုင်လူထု ဆန္ဒနှင့်အညီ ဆောင်ရွက်သွားမည်ဟုဆို

ဇင်ကီး

ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(AHRDO)က ရခိုင့်လူမှုအရေးအရာမှန်သမျှတွင် ရခိုင်ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဆောင်ရွက်သွားမည်ဟု အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးက ဆိုသည်။

မေလ ၁၉ ရက်နေ့က စစ်တွေမြို့၊ ကမ်းနားလမ်းရှိ စေတနာမိုးခန်းမတွင်ပြုလုပ်သည့် AHRDO နှင့် ရခိုင်အမျိုးသား အင်အားစုများတွေ့ဆုံပွဲအပြီး၌ Arakan Times သတင်းထောက်၏ ရခိုင်ဒေသပဋိ ပက္ခနှင့်စပ်လျဉ်းသည့် မေးမြန်းချက်အား ဦးအောင်မင်းဦးက ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူ ၂၀၀ ခန့် တက်ရောက်ခဲ့ပြီး၊ သဘာပတိ ဆရာတော် ရခိုင်သမိုင်းသုတေသီ ဦးပညာစာရ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုး၊ ရခိုင်အမျိုးသမီးကွန်ယက် ခေါင်းဆောင် ဒေါ်ညိုအေး၊ ၀ံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံတို့က ကြိုဆိုဂုဏ်ပြုကြောင်း ပြောကြားခဲ့ကြသည်။

အခမ်းအနားတွင် ရခိုင်နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထွန်းလင်းကျော်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်၍ ဦးအောင်မင်းဦးက AHRDO ၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များ၊ ဖွဲ့စည်းပုံနှင့်လုပ်ငန်းစဉ်များကို ရှင်းပြခဲ့ပြီး၊ AHRDO ဒါရိုက်တာ ဦးကျော်ထွီးက တက်ရောက်လာသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

မေလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း AHRDO ဒါရိုက်တာများသည် တောင်ကုတ်နှင့် ကျောက်ဖြူမြို့နယ်များ၌ ရခိုင်ဒေသခံများ၊ ရခိုင်လူမှုအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၍ ဒေသခံတို့၏ ရင်ဖွင့်သံများကို နားထောင်ခဲ့ကြသေးသည်။

ရခိုင်တိုင်းရင်းသားတို့၏ လူ့အခွင်းအရေးနှင့်ပတ်သက်၍ ဦးအောင်မင်းဦးက " ရခိုင်မှာလူ့အခွင့် အရေးချိုး ဖောက်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်တယ်။ ကျနော်တို့ ခရီးစဉ်တလျှောက်မှာ တွေ့ခဲ့၊ မြင်ခဲ့ကြားခဲ့ ရတာတွေဟာ ရခိုင့်လူ့အခွင့်အရေး ပြဿနာတွေပဲဖြစ်တယ်။ ဥပမာပြောရရင် မဟာစင်မုန်တိုင်းကာလ ကျောက်ဖြူမှာ ဓာတ်ငွေ့ပိုက်လိုင်း လုပ်ငန်းခွင် အလုပ်သမားတွေ အလုပ်ဆင်းနေရတယ်။ တချို့ မင်းပြားမြို့နယ်ဘက်က အလုပ်သမားတွေဆိုရင် အလုပ်ရှင်က နေထိုင်ရေး စီစဉ်မပေးရုံသာမက လုပ်အားခမပေးဘဲ ထားတာတွေ့ရတယ်။ ဒီလို အဖြစ်မျိုးတွေ အများကြီးတွေ့ခဲ့ရတယ်။ " ဟု မှတ်ချက်ပြု ပြောဆိုခဲ့သည်။

AHRDO ကို ၂၀၁၁ ခုနှစ်အောက်တိုဘာလ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ရခိုင်ပြည် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအလို့ငှါ တည်ထောင်ခဲ့ကြပြီး၊ ယခုနှစ် မေလ ၈ ရက်နေ့တွင် ပြည်တွင်းသို့ တရားဝင်ပြန်လည်ဝင်ရောက်လာကာ၊ မေလ ၁၈ ရက်နေ့မှစ၍ စစ်တွေမြို့၌ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ လူငယ်များအား စွမ်းရည်မြှင့်သင်တန်း ပေးလျက်ရှိသည်။

No comments: