Tuesday, May 21, 2013

မိတ္ထီလာအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ၇ ဦးကို အမြင့်ဆုံးပြစ်ဒဏ်ချ

နော်နိုရင်း

မန္တလေးတိုင်း မိထ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီး ဦးသောဘိတ သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ ၇ ဦးကို ဒီကနေ့ မိတ္ထီလာမြို့နယ်နဲ့ ခရိုင်တရားရုံး ၂ ခုမှာ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ပြစ်ဒဏ်စီရင်တဲ့ အမှုတွေကတော့ လူသတ်မှု။ အရေးပေါ်ထုတ်ပြန်မိန့် ဖောက်ဖျက်မှု။ သာသနာညှိုးနွမ်းစေမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စတာတွေနဲ့ အသီးသီး စစ်ဆေးစီရင်ခဲ့ တာပါ။

မြတ်ကိုကို (ခ) အဏ္ဏ၀ါကို ထောင်ဒဏ် တသက်တကျွန်းနဲ့ ၄ နှစ်၊ ကိုဇော်ထက်နိုင် ၄ နှစ်၊ ကိုမျိုးထွန်း စုပေါင်း ၁၆ နှစ်၊ ကိုဖိုးချို ၂၈ နှစ်၊ ကိုမျိုးညွန့်ဦး ၁၄ နှစ်၊ ကိုမျိုးဝင်း ၂ နှစ်၊ အသက် ၁၇ နှစ်အရွယ် ညီညီနိုင် ကို ၇ နှစ် ချမှတ်လိုက်တာလို့ တရားခွင်ကို တက်ရောက်နားထောင်ခဲ့တဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ကိုထိန်မင်းခိုင်က ပြောပါတယ်။

စီရင်ချက်တွေကို မနက် ၁၀ နာရီခွဲလောက်က မြို့နယ်ရော ခရိုင်တရားရုံးမှာ ချမှတ်ခဲ့ပြီး ဒီလို အမြင့်ဆုံး ပစ်ဒဏ်ချမှတ်ခံရမှုပေါ်မှာ တရားခံတွေက မကျေနပ်လို့ ရဲတွေကို ကိုယ်ထိလက်ရောက် ရိုက်ပြီး ရဲကားတွေကိုလည်း ရိုက်ခွဲခဲ့တယ်လို့ ကိုယ်တိုင် တရားခွင်ထဲသွားရောက်ခဲ့တဲ့ ကိုထိန်မင်းခိုင်က ပြောပြပါတယ်။

“မြို့နယ်တရားရုံးမှာရော၊ ခရိုင်တရားရုံးမှာရော ဘုန်းကြီးသတ်တဲ့အမှုမှာ ပါဝင်သူ ၇ ဦးကို စီရင်ချက်ချလိုက်တယ်။ အဲဒါကို မကျေနပ်တော့ ရဲတွေကို လည်ပင်းညှစ်တာတွေလုပ်တယ်။ တရားရုံးနဲ့ တရားသူကြီးကို အော်ဆဲတယ်။ တရားရုံးမှာ ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားတယ်။ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတွေကလည်း ပျော့ပျောင်းစွာနဲ့ပဲ ချော့မော့ပြီး အချုပ်ကားပေါ် ပြန်တင်တယ်။ ပြီးတော့ သူတို့ကို ထောင်ကြီးချုပ်ထဲ ပို့လိုက်တယ်။”


အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ခံတဲ့အပေါ် တရားခံတွေက ဆက်လက်အယူခံဖို့ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တရားခံရှေ့နေ ဦးသိန်သန်းဦးကတော့ ခရိုင်တရားရုံးနဲ့ မြို့နယ်တရားရုံးတွေမှာ ခုခံခြေပမှုနဲ့ ပတ်သက်ပြီး ကြုံခဲ့ရတာတွေကို အခုလို ရှင်းပြပါတယ်။

“ခရိုင်တရားရုံးမှာ စစ်ဆေးခဲ့တာ တရားမျှတမှု ရှိပါတယ်။ သက်သေ ၃၉ ယောက်၊ မျက်မြင်သက်သေက ၁၆ ယောက်။ ကျနော် တရားခံဘက်က အပြည့်အစုံတင်ပြခွင့်ရပါတယ်။ ဒီအမှုကို ဒိထက်ပြင်းထန်တဲ့ပြစ်ဒဏ် သေဒဏ်ထိ ကျမယ်လို့ မျှော်လင့်ထားတာ။ ဒါပေမယ့် ရုံးက စနစ်တကျ အပြစ်ပေးသွားတာပါ။ ဒါပေမယ့် သက်သေတွေရဲ့ ထွက်ဆိုချက်တွေအပေါ် သုံးသပ်ချက်ကတော့ ခရိုင်တရားရုံးနဲ့ ကျနော်တို့ သီးခြားစီ အမြင်ရှိကြတယ်။ တရားရုံးက သူ့လုပ်ပိုင်ခွင့်အလျောက်သုံးသပ်တာ၊ ကျနော်တို့က ဆက်လက်တင်ပြစရာတွေ ရှိတပေါ့။ နောက် တရားခံတချို့ကို ဒီဖြစ်စဉ်အပေါ်မှာပဲ နောက်ထပ်တရားစွဲတဲ့ ကိစ္စကတော့ အရေးကြီးတဲ့ ဥပဒေပြဿနာတရပ်လို့ မြင်တယ်။ ဒါကတော့ တရားမျှတမှုမရှိဘူးလို့ မြင်တယ်။”

မိတ္ထီလာမြို့မှာ မတ်လ ၂၀ ရက်နေ့က ရွှေအရောင်းအ၀ယ်ပြုရာကနေ စကားများပြီး ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့ နယူးဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် ၂ ဦး၊ ဆွေမျိုးတော်စပ်သူ ၁ ဦးကို ဧပြီလတွင်းက ထောင်ဒဏ် ၁၄ နှစ်စီ အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် လူ ၄၃ ဦး သေဆုံးပြီး လူပေါင်း ၁ သောင်းကျော် အိုးအိမ်မဲ့ခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

No comments: