Tuesday, May 14, 2013

မုန်တိုင်းဝင်မည်ဆိုသည့် စစ်တွေနှင့် မောင်တောတွင် ဗိုလ်နေမြဲ ကျားနေမြဲ အခြေအနေတွင်သာ ရှိနေဆဲ


ရခိုင်ပြည်နယ် စစ်တွေမြို့ ပတ်ဝန်းကျင်သို့ မုန်တိုင်းဝင်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း စစ်တွေ လူထုမှာ ဗိုလ်နေမြဲ ကျားနေမြဲ အခြေအနေတွင်ပင် ရှိနေသေးသည်ဟု ရတပ ပါတီ ဗဟိုကော်မီတီဝင် ဦးစံကျော်လှက ပြောသည်။

မေလ ၁၃ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် နိရဉ္စရာက ဆက်သွယ် မေးမြန်းရာ သူက ယခုလို ပြန်လည် ပြောကြားသည်။

“ စစ်တွေမှာ ဘာမှ အပြောင်းအလဲ မရှိဘူး။ နေလည်း ထွက်နေတယ်။ လေတိုက်နုန်းကလည်း ပုံမှန်ပါဘဲ။ စစ်တွေ လူထုကတော့ ဗိုလ်နေမြဲ၊ ကျားနေမြဲ ပါဘဲ။ ဘယ်သူကမှ ထူးထူးထွေထွေ ဒီအပေါ်မှာ ပြောဆို လူပ်ရှားတာမျိုးတွေ မရှိသေးပါဘူး” ဟု ဆိုသည်။

စစ်တွေမြို့ပြင် သဲချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။

“ဘယ်ဒုက္ခသည်တွေကိုမှ ကျွန်တော်တို့ဆီမှာ ရွှေ့ပြောင်းတာကို မတွေ့ရသေးဘူး။ အခြေအနေက ပုံမှန်ပါဘဲ။ ဒီလောက် ဒုက္ခသည်တွေကို ဘယ်နေရာကို ရွှေ့မှာလဲ။ မုန်တိုင်း တိုက်မယ်လို့ ပြောပေမယ့် ဘာမှ ထွေထွေထူးထူး မရှိသေးပါဘူး” ဟု ဆိုသည်။

မောင်တောမြို့သို့ ဆက်သွယ်မေးမြန်းရာ ဒေသခံ တစ်ဦး ဖြစ်သူ ကိုမောင်လှက ယခုလို ပြောသည်။

“ အခြေအနေက အားလုံး အေးအေးဆေးပါဘဲ။ မုန်တိုင်းတိုက်မယ်လို့ ကြားတယ်။ ရေဒီိယိုက တစ်နာရီ မိုင်း လေးဆယ်၊ ငါးဆယ် တိုက်မယ်လို့ ကြားတယ်။ စိုးရိမ်မူလည်း ဒီမှာက ဘာမှ ထူးခြားမူ မရှိသေးပါ။ လူတွေက ကိုယ်အလုပ်ကိုယ် သွားလာနေကြပါတယ်” ဟု ပြောသည်။

မဟာဆန် မုန်တိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ နောက်ထပ် ၄၈ နာရီ အတွင်း ဖြတ်ကျော် ၀င်ရောက်နိုင်သည်ဟု ခန့်မှန်းနေကြပြီး မုန်တိုင်း တိုက်စဉ် တစ်နာရီ မိုင် ၆၀ ခန့်တိုက်နိုင်သည် ဟု ပြောဆိုသည်။

No comments: