Tuesday, May 21, 2013

ဂျပန်က မြန်မာစာပို့စနစ်ကို ကူညီမယ်လို့ဆို

ABC

မြန်မာနိုင်ငံက ​စာပို့စနစ်ကို ​ပိုမိုခေတ်မီစေဖို့အတွက် ​ဂျပန်အစိုးရနဲ့ ​ဂျပန်စာတိုက်တို့က ​ကူညီသွားမယ်လို့ ​ဂျပန်နိုင်ငံက ​သတင်းတွေမှာ ​ဖေါ်ပြထားပါတယ်။

အခုတစ်ပတ်ထဲမှာပဲ ​မြန်မာ့ဆက်သွယ်ရေးဝန်ကြီး ​ဦးမြတ်ဟိန်းနဲ့ ​ဂျပန်နိုင်ငံ ​ပြည်ထဲရေးနဲ့ ​ဆက်သွယ်ရေးဝန်ကြီး ​ယိုရှိတာကာ ​ရှင်ဒို ​တို့ဂျပန်နိုင်ငံမှာ ​တွေ့ဆုံဖို့ရှိနေပြီး ​စာပို့စနစ်တိုးတက်ရေးအကူအညီပေးဖို့ ​ဆွေးနွေးအတည်ပြုသွားဖို့ ​ရှိနေတယ်ဆိုတာ ​သိရတဲ့အကြောင်း ​ဂျပန်နိုင်ငံ ​ကျိုဒိုသတင်းဌာနက ​ဖေါ်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ​စာပေးပို့ဖြန့်ဝေတဲ့စနစ်ကို ​အထောက်အကူပြုဖို့အပြင် ​စာပို့စနစ်ကို ​ပိုပြီးမြန်ဆန်လာစေဖို့အတွက် ​ဖြန့်ဝေရမယ့်စာအိတ်တွေကို ​စာပို့သင်္ကေတတွေသုံးပြီး ​အလိုအလျောက် ​စီပေးတဲ့စနစ်နဲ့ ​စာအိတ်စီတဲ့ ​စက်တွေကို ​စပြီးအသုံးပြုနိုင်ဖို့အတွက် ​ဂျပန်နိုင်ငံက ​ကူညီသွားမှာဖြစ်တယ်လို့ ​ဆိုပါတယ်။

တချိန်ထဲမှာပဲ ​ဂျပန်ဝန်ကြီးချုပ် ​ရှင်ဇိုအာဘေး ​ကလည်း ​မြန်မာနိုင်ငံကို ​လာရောက်လည်ပတ်မှာဖြစ်တယ်လို့ ​ပြီးခဲ့တဲ့ ​သောကြာနေ့က ​ကြေညာခဲ့ပါတယ်။ ​ဂျပန်ဝန်ကြီးချုပ်ဟာ ​လာမယ့်သောကြာနေ့မှာ ​မြန်မာနိုင်ငံကိုဆိုက်ရောက်မှာဖြစ်တယ်လို့ ​သိရပါတယ်။ 

၁၉၇၇ ​ခုနှစ် ​သြဂုတ်လမှာ ​အဲဒီအချိန်က ​ဂျပန်ဝန်ကြီးချုပ် ​တာကဲယို ​ဖူကူဒါ ​မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီးကတည်းက ​ဂျပန်ဝန်ကြီးချုပ်အဆင့် ​မြန်မာနိုင်ငံကို ​လာရောက်လည်ပတ်ခြင်း ​မရှိခဲ့တဲ့အတွက် ​ရှင်ဇိုအာဘေးဟာ ​၃၆ ​နှစ်တာကာလအတွင်းမှာ ​မြန်မာနိုင်ငံကို ​ပထမဦးဆုံးလာရောက်လည်ပတ်မဲ့ ​ဂျပန်ဝန်ကြီးချုပ်ဖြစ်ပါတယ်။

ရှင်ဇိုအာဘေးအနေနဲ့ ​ဂျပန်နိုင်ငံက ​မြန်မာနိုင်ငံကို ​ပေးနေတဲ့ ​ အထောက်အကူတွေနဲ့ ​မြန်မာနိုင်ငံရဲ့ ​ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်နဲ့ ​စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ ​ကူညီနေတာတွေကို ​မြှင့်တင်ရေးအတွက် ​လာရောက်တာဖြစ်တယ်လို့လည်း ​ဆိုပါတယ်။

ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့အတူ ​ဂျပန်နိုင်ငံက ​ထိပ်တန်းစီးပွားရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့လည်း ​လိုက်ပါလာမှာဖြစ်တယ်လို့ ​ဂျပန်အစိုးရရဲ့ထုတ်ပြန်ချက်မှာ ​ပါရှိတယ်လို့လည်း ​သိရပါတယ်။

ရှင်ဇိုအာဘေးဟာ ​သူ့ရဲ့ခရီးစဉ်အတွင်းမှာ ​မြန်မာသမ္မတ ​ဦးသိန်းစိန်နဲ့ ​တွေ့ဆုံဆွေးနွေးမှာဖြစ်သလို ​ အတိုက်အခံ ​အမျိုးသားဒီမိုရေစီပါတီခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံသွားဖို့ ​ရှိနေတယ်လို့လည်း ​သိရပါတယ်။

ရှင်ဇိုအာဘေးဟာ ​ပြီးခဲ့တဲ့လကပဲ ​ဒေါ်အောင်ဆန်းစုကြည်ကို ​ဂျပန်နိုင်ငံမှာ ​တွေ့ဆုံခဲ့အပြီး ​အခုတစ်ခါမှာတော့ ​မြန်မာနိုင်ငံမှာ ​တွေ့ဆုံဖို့ရှိနေတာ ​ဖြစ်ပါတယ်။

No comments: