Monday, May 13, 2013

ကျောက်ဖြူ ဒေသ လျှပ်စစ်မီး ရရှိရေး အတွက် တရုတ်ကူငွေ ဒေါ်လာ ၁၀ သန်း ပွင့်လင်းမြင်သာမူ ရှိရန်လို

နိရဉ္စရာ

ကျောက်ဖြူဒေသ လျှပ်စစ်မီး ရရှိရေး အတွက် တရုတ် ကုမ္ပဏီ CNPC မှ ကူညီထောက်ပံ့ထားသော ဒေါ်လာ ၁၀ သန်းနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမူ ရှိရန်လိုအပ်ကြောင်း ရခိုင် အမျိုးသားများက ပြောသည်။

“ ကျွန်တော်က ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ပါ။ တရုတ်ကုမ္ပဏီက ကျွန်တော်တို့ ဒေသ လျှပ်စစ်မီး ရရှိရေးအတွက် အမေရိကန် ဒေါ်လာ ၁၀ သန်းလှုဒါန်းထားတယ် ဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော် မသိသလို ကျွန်တော်တို့ ဒေသခံ ပြည်သူတွေလည်း မသိဘူး။ ခရိုင်အုပ်ချုပ်ရေးမှူးတို့ကလည်း ကျွန်တော်တို့ကို အသိပေး ပြောဆိုတာ မရှိပါဘူး။ မနေ့က သတင်းစာ ရှင်းလင်းပွဲလုပ်မှ တရုတ်ကုမ္ပဏီက လျှပ်စစ်မီးအတွက် ဒေါ်လာ ၁၀ သန်း ကူညီထားတာကို သိရတာ ဖြစ်ပါတယ်” ဟု ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။

တရုတ်အစိုးရပိုင် CNPC ၏ ကုမ္ပဏီခွဲများ ဖြစ်ကြသော ရေနံပိုက်လိုင်း တည်ဆောက်နေသော SEAOP ကုမ္ပဏီနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်နေတဲ့ SEAGP တို့သည် မေလ ၁၀ ရက် ယမန်နေ့က ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ကျောက်ဖြူဒေသ လျှပ်စစ်မီး ရရှိရန်အတွက် အမေရိကန် ဒေါ်လာ ၁၀ သန်း ကူညီထားကြောင်း ပြောကြားခဲ့သည်။ ၎င်းပြင် ပညာရေး၊ ကျန်းမာရေးနှင့် လူမူရေး အတွက် ဒေါ်လာ ၄ သန်း၊ စုစုပေါင်း အမေရိကန် ဒေါ်လာသန်းပေါင်း ၁၄ သန်း ထောက်ပံ့ ထားကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။

“ ကျွန်တော်တို့ ဒေသမှာ ရေနက်ဆိပ်ကမ်း၊ ရေနံတင် ဆိပ်ကမ်း၊ ဓါတ်ငွေ့ သန့်စင် စက်ရုံတွေ တည်ဆောက်နေတာမှာ တရုတ်က ဆောက်နေတဲ့ မြဒေးကျွန်း ရေနံတင် ဆိပ်ကမ်းနဲ့ မလကျွန်းမှာ ဒေ၀ူးက ဆောက်နေတဲ့ ဓါတ်ငွေ့ သန့်စင် စက်ရုံက ပြီးစီးပါတော့မယ်။ ဒီလို လုပ်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်ဟာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်ပေမယ့် ဘာမှ သိခွင့်မရပါ။ ကျွန်တော်တောင် မသိရရင် ပြည်သူတွေ သိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပွင့်လင်း မြင်သာမူ လုံးဝ မရှိဘူး။ ဒါကြောင့်လည်း မြဒေးကျွန်းမှာ များမကြာမီက ဆန္ဒပြပွဲတွေ ပေါ်ပေါက်သွားပါတယ်” ဟု ဆိုသည်။

“ အခု ကျောက်ဖြူမြို့မှာ ဓါတ်မီးတိုင် အသစ်တချို့ တပ်ဆင်နေတာကို တွေ့ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း ဒီမီးက ဘယ်က လာမယ်။ ဘယ်တော့ စပေးမယ်။ ဒီကိစ္စကိုလည်း ဘာမှ ပြည်သူကို အသိပေးတာ မရှိဘူး။ အခု လျှပ်စစ်မီးအတွက် ထောက်ပံ့တဲ့ ဒေါ်လာ ၁၀ သန်းနဲ့ ပတ်သက်ပြီးလည်း ပွင့်လင်းမူ မရှိရင် အစိုးရနဲ့ ပြည်သူတွေ အကြားမှာ ကွာဟမူ ပိုများလာနိုင်ပါတယ်။ ဒါကြောင့် ပွင့်လင်းမြင်သာမူ ရှိစေချင်ပါတယ်” ဟု ဦးဘရှင်က ဆက်ပြောသည်။

ကျောက်ဖြူ ဒေသတွင် လျှပ်စစ်မီး ရရှိရန် အမေရိကန် ဒေါ်လာ ၁၀ သန်း ထောက်ပံ့ ကူညီ ထားသော်လည်း ကျောက်ဖြူမြို့တွင် လျှပ်စစ်မီးကို အစိုးရမှ ပေးဝေခြင်း မဟုတ်ဘဲ ပုဂ္ဂလိကနှင့် မြို့မီးလင်းရေး ကော်မီတီတို့မှ တာဝန်ယူကာ လျှပ်စစ်မီး ဖြန့်ဝေနေရသည်ဟု သိရသည်။

“ ကျွန်တော်တို့ ကျောက်ဖြူမှာ ပုဂ္ဂိလကနဲ့ မြို့မီးလင်းရေး ကော်မီတီက လျှပ်စစ်မီး ပေးနေတာ ဖြစ်ပါတယ်။ လျှပ်စစ်မီးက ညနေ၆ နာရီက ၁၁ နာရီလား၊ ၁၂ နာရီလား ဒီလောက်ဘဲ ရတယ်။ မီတာခ တယူနစ်ကို ၅၀၀ ကျပ် ပေးရတယ်။ လုပ်ငန်းသုံး ဆိုရင် ၇၀၀၊ ၈၀၀ လောက်ပေးရတယ်။ အစိုးရက အခုအချိန်ထိ လျှပ်စစ်မီး ကိစ္စ ဘာမှ ဆောင်ရွက်ပေးတာ မရှိပါဘူး” ဟု ဆိုသည်။

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း လူပ်ရှားမူ တာဝန်ခံ ကိုဝင်းအောင်မှလည်း ယခုကဲ့သို့ ဒေသ ဖွံ့ဖြိုးရေး အတွက် အကူအညီများ ဆောင်ရွက်ပေးခြင်း အပေါ် တစ်စုံတစ်ရာ ၀မ်းသာသော်လည်း ပွင်းလင်းမြင်သာမူ တစ်စုံတစ်ရာ မရှိခြင်းက ၀မ်းနည်းစရာ ကောင်းကြောင်းပြောဆိုသည်။

“ ကျွန်တော်တို့ အနေနဲ့ စီမံကိန်း တစ်ခုလုံးဟာ လုံးဝ ပွင့်လင်းမြင်သာမူ မရှိတဲ့ အပြင် လုံးဝ တာဝန်ယူမူ၊ တာဝန်ခံမူ လုံးဝ မရှိဘူး။ ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့ လုံးဝ မညီဘူး။ ရခိုင်ပြည်သူတွေ လျှပ်စစ်မီး ရရှိရေး အတွက် ဒေါ်လာ ၁၀သန်း လှူဒါန်းထားတာဟာ ရခိုင်ပြည်နယ် က ထွက်တဲ့ ဂတ်စ်ကို အခြေခံပြီး ရခိုင်ပြည်သူတွေ အတွက် သုံးမလား၊ မဟုတ်ရင် ပြည်မကနေ လာတဲ့ ပင်မ လျှပ်စစ်ဓါတ်အားလိုင်းမှ ရခိုင်ပြည်နယ် အတွက် တစ်စုံတစ်ခုထိ ဓါတ်အားတိုင်တွေ ဆောက်ပြီး သွယ်တန်းပြီး ပေးမှာလား။ ဒါတွေကို ဘယ်ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဘယ်သူတွေက ကိုင်တွယ် သုံးစွဲနေသလဲ။ ရခိုင်ပြည်နယ်က နိုင်ငံရေး ပါတီတွေက ဒါတွေကို သိပိုင်ခွင့်ရှိလား။ ဒါတွေကို သုံးသပ်ရင် စီမံကိန်း တစ်ခုလုံးဟာ ပွင့်လင်း မြင်သာမူ လုံးဝ မရှိဆိုတာ ကို မြင်နိုင်ပါတယ်” ဟု သူက ဆိုသည်။

ယခု တရုတ်ကုမ္ပဏီ CNPC မှ ကျောက်ဖြူဒေသ လျှပ်စစ်မီး ရရှိရေး အတွက် ထောက်ပံ့သော အမေရိကန် ဒေါ်လာ ၁၀သန်းမှာ ဒေသအတွက် တစ်စုံတစ်ခုထိ တန်ဖိုးရှိသော်လည်း ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ ရရှိမည့် အကျိုး အမြတ်နှင့် စာလျှင် မြင်းမိုရ် တောင်နှင့် ဇီးစေ့လောက်သာ ရှိကြောင်း ကိုဝင်းအောင်က ပြောသည်။

ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံဆီ ဆက်သွယ်ပို့ဆောင်မည့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းနှင့် ပတ်သက်ပြီး သိရှိနားလည်မူ နည်းပါးခြင်း၊ သတင်းမီဒီယာများ၏ တင်ပြချက်များ မှန်မမှန် ဆုံးဖြတ်ရန် အခက်အခဲ ရှိခြင်း တို့ကြောင့် ပိုပြီး ပွင့်လင်းမြင်သာမူ ရှိဖို့လိုအပ်နေကြောင်း ရေနံပိုက်လိုင်း တည်ဆောက်နေသော SEAOP ကုမ္ပဏီနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်နေတဲ့ SEAGP တို့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

၎င်းပြင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ဆက်သွယ် ဖေါက်လုပ်နေသော ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း နှင့် ပတ်သက်ပြီး ဝေဖန်မူများမှာ မှန်ကန်မူ မရှိကြောင်း ကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။

သတင်းစာ ရှင်းလင်းပွဲကို ပြည်တွင်း သတင်းဌာန အချို့ကို အကန့်အသတ်ဖြင့် ဖိတ်ကြားခဲ့ပြီး ဒေသခံ ပြည်သူများနှင့် သတင်းဌာနများအားလုံးကို မဖိတ်ကြားသည်မှာလည်း စီမံကိန်းကို ၀ါဒဖြန့်ချီရေး သက်သက် အတွက်သာ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခြင်း ဖြစ်ပြီး ယခုလို ရှင်းလင်းပွဲများတွင် နှစ်ဦးနှစ်ဘက် မျှမျှတတ ဖြစ်စေရန် ဒေသခံများကို ပါ တက်ရောက်ခွင့် ပြုပြီး ပွင့်ပွင့်လင်း ပြောဆိုရန် ခွင့် ပြုသင့်ကြောင်း ကိုဝင်းအောင်က ပြောဆိုသွားသည်၊

No comments: