Monday, May 13, 2013

ဂျပန် အစိုးရ အကူအညီ ရရေး UNFC ညှိနှိုင်း

ရွှေဟင်္သာ

သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် ဂျပန် အစိုးရထံ Project Proposal ရေးသား တင်ပြ နိုင်ရန် မေလ (၉) ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ညှိနှိုင်း အစည်းအဝေး တရပ် ကျင်းပ ခဲ့သည်ဟု အစည်းအဝေး တက်ရောက် ခဲ့သူ နိုင်ရော့ဒ်ဂကောင်းက ဆိုပါသည်။

“ ကျနော် ကတော့ မွန်လူမှု ကယ်ဆယ်ရေးနှင့် ဖွံဖြိုးရေး အဖွဲ့က ဒါရိုက်တာ နိုင်ရော့ဒ်ဂကောင်းပါ။ အစည်းအဝေးက Project Proposal ရေးနည်းတွေ ပြန်ညှိတာပါ။ ဂျပန် အစိုးရရဲ့ ဘောင်နဲ့ ကိုက်ညီအောင် ပြန်လည် ပြင်ဆင်တဲ့ အနေနဲ့ ညှိနှိုင်းကြတာ ဖြစ်ပါတယ်။ ပြီးတော့ Project Proposal တင်ပုံ တင်နည်း အဆင့်ဆင့်တွေကိုလည်း ညှိကြပါတယ်။” ဟုဆို ပါသည်။

ဂျပန် အစိုးရသည် UNFC အဖွဲ့ဝင်များအား Oversea Development Assistant အကူ အညီများ ပေးရန် သဘော တူခဲ့ ပါသည်။ အထူးသဖြင့် Project များကို တိုင်းရင်းသား အဖွဲ့အစည်း များက UNFC ကို အရင် တင်ပြ ရပါသည်။ ထိုမှတဆင့် နိပွန် ဖေါင်းဒေးရှင်း၊ ထိုမှတဆင့် နိပွန်မှ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံရုံးအား တင်ပြ ရမည်ဖြစ်သည်။ ၄င်းမှ တဆင့် သံရုံးသည် ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဌာနအား တင်ပြပြီးမှ ဂျပန် အစိုးရ၏ အကူအညီကို ရရှိမည်ဖြစ်သည်။

ယခု ရေးဆွဲ ရမည့် Project များသည် အမေရိကန် ဒေါ်လာ တစ်သိန်းတန် project များ ဖြစ်ပါသည်။ ဂျပန် အစိုးရ၏ ODA အစီစဉ်သည် နိပွန် ဖောင်ဒေးရှင်းမှ တဆင့် UNFC အား ပထမ အဆင့် အဖြစ် လူသားချင်း စာနာမှု အကူအညီများ နှင့် ဒေသ ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ် ခဲ့ပါသည်။

ယင်းအကူအညီကို ယခင် ဝန်ကြီး ချုပ်ဟောင်း နိုတိုခန် (Naoto Kan) လက်ထက်၌ ပေးခဲ့ခြင်းဖြစ်ပြီး အမေရိကန် ဒေါ်လာ (၃) သန်း ပေးခဲ့ပါသည်။ အကူအညီများကို တိုင်းရင်းသား စစ်ဒဏ်သင့်သော ဒေသများသို့ လူသားချင်း စာနာမှု အကူအညီ အဖြစ် စားနပ်ရိက္ခာ၊ ဆေးဝါးများ အကူအညီ ပေးခဲ့ပြီး မတ်လ ၃၁ ရက်နေ့တွင် သက်တမ်း ကုန်ဆုံး ခဲ့ပြီး ဖြစ်သည်။

ယခု အပတ် ထပ်မံ ရရှိမည့် ODA အကူအညီ များသည် တိုင်းရင်းသား အဖွဲ့များ ထံမှ ပေးပို့သော Project Proposal အပေါ် မူတည်ပြီး ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ UNFC ၏ project များကို မေလ အကုန် နောက်ဆုံး ထားပြီး ပေးပို့ရန် သတ်မှတ် ထားပြီး၊ ဇွန်လ အမှီ နိပွန် ဖေါင်ဒေးရှင်းထံသို့ တင်ပြနိုင်ရန် ရည်မှန်း ထားပါသည်။

ယခု ကျင်းပသည့်ညှိနှိုင်း အစည်း အဝေးသို့ ကိုယ်စားလှယ်ပေါင်း (၂၀) ခန့် တက်ရောက်ကြပြီး ၄င်းတို့သည် UNFC အဖွဲ့ဝင် ကိုယ်စားလှယ် များနှင့် UNFC အဖွဲ့ဝင် မဟုတ်သည့် RCSS/SSA မှ ကိုယ်စားလှယ် များ ဖြစ်ပါသည်။

ဂျပန် အစိုးရသည် UNFC နှင့် တခြား တိုင်းရင်းသားများကို ဆက်လက် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြီးခဲ့သည့်မတ်လ (၃၁) ရက်နေ့မှ ဧပြီလ (၇) ရက်နေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သော UNFC အဖွဲ့ဝင် များ၏ ခရီးစဉ်တွင် ၀န်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ များအား တွေ့ဆုံ ဆွေးနွေးသည့် နည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး၊ ဆင်းရဲ မွဲတေမှု ပပျောက်ရေးနှင့် လူနေမှု ဘဝ မြင့်မားရေး ကဏ္ဍများတွင် ဆက်လက် ကူညီ သွားရန် ကတိပြု ခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံသည် တိုင်းရင်းသား အရေး အပါအ၀င် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြို့ပြ တည်ဆောက်ရေး တို့တွင် အားပေး ကူညီလျှက် ရှိပါသည်။ အထူးသဖြင့် နိပွန် ဖေါင်ဒေးရှင်းသည် မြန်မာ့ တိုင်းရင်းသား အရေးကို ရှေ့ ဆုံးမှ အကူအညီ ပေးနေခဲ့ပါသည်။

No comments: