Thursday, May 16, 2013

မဟာစင်ဆိုင်ကလုန်း ဘင်္ဂလားဒေ့ရှ်ဝင်ရောက်၊ ၂ ဦး သေဆုံး

DVB

ဆိုင်ကလုန်း မဟာစင်ဟာ ဒီနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြေနိမ့်ကမ်းရိုးတန်းကို စတင်ဖြတ်ကျော်ပြီး စစ်တကောင်းနဲ့ ကောက်ခ်စ်ဘဇား ဆိပ်ကမ်းတွေဆီကို တည့်တည့်ဝင်ရောက်လာပါတယ်။

လေဟာ တနာရီမိုင် ၆၀ ကျော်နှုန်းလောက် တိုက်ခတ်နေပြီး လှိုင်းလေတွေ ပြင်းလာပြီ ဖြစ်ပါတယ်။ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ် တောင်ဘက်ကမ်းရိုးတန်းက ခဲပူပါရာကို အရင်ဆုံး တိုက်ခတ်သွားပြီး မြန်မာနိုင်ငံအနီး အရှေ့ဘက်ကမ်းရိုးတန်းဆီ ဦးတည်ပြီး အရှေ့မြောက်ဘက်လမ်းကြောင်းကို ရောက်ရှိနေပါတယ်။

မုန်တိုင်းဝင်ရောက်ချိန်မှာ လူ ၂ ဦး သေဆုံးသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တဦးက သစ်ပင်လဲကျလို့ သေဆုံးသွားတာဖြစ်ပြီး နောက်တဦးကတော့ မုန်တိုင်းကာကွယ် အဆောက်အဦဆီ သွားရာလမ်းမှာ သေဆုံးခဲ့တာပါ။ သစ်ပင်တွေ အမြစ်ကျွတ်ထွက်တာ၊ အိမ်တွေ ပျက်စီးတာတွေလည်း ရှိတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မဟာစင်မုန်တိုင်း နီးကပ်လာချိန်မှာ မုန်တိုင်းသတိပေးချက်ကို ၇ ကြိမ်မှ ၁၀ ကြိမ်ထိ တိုးမြှင့် ထုတ်ပြန်ခဲ့ပါတယ်။ မဟာစင်မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို လမ်းကြောင်းပြောင်းလာချိန်မှာ မုန်တိုင်းကြောင့် သီရိလင်္ကာမှာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၃၉၉၁ ယောက် ဘေးလွတ်ရာ ရှောင်ပြေးခဲ့ရပါတယ်။

No comments: