Thursday, May 16, 2013

ထိုင်းနယ်စပ်၌ ပစ်ချခဲ့သော အိတ်များမှ မူးယစ်ဆေးဝါးများ ဖမ်းမိ

သျှမ်းသံတော်ဆင့်

မြန်မာဘက်မှ ထိုင်းဘက်သို့ ကူးမည့် အမျိုးသား ၇ ဦး နယ်စပ်ကိုဖြတ်သန်းရန် ကြိုးစားနေစဉ် ထိုင်းနယ်စပ်အာဏာ ပိုင်များ၏ တားဆီးမှုကြောင့် ၎င်းတို့ ကျောပိုး လာသောအိတ်များ ပစ်ချထွက်ပြေးခဲ့ရာ ကာလပေါက်ဈေးအရ ဘတ်ငွေ သန်းပေါင်း ၆၀၀ ($ 20 သန်း) ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ထိုင်းစစ်သားတို့က ဖမ်းမိခဲ့သည်။

သက်ဆိုင်ရာအာဏာပိုင်များက အဆိုပါကျောပိုးအိတ်များအတွင်းမှ ယာဘ စိတ်ကြွဆေး(methamphetamine) အပြား ပေါင်း ၁.၆ သန်း နှင့် အိုက်စ် (ice or crystal methamphetamine) ၄၃ ကီလိုဂရမ် တို့ကိုရှာဖွေတွေ့ရှိခဲ့သည်။

နံနက်၂ နာရီ မယ်ဆိုင်မြို့နယ် ဘန့်ဝိန်းဟွမ် တွင် လုံခြုံရေးကင်းလှည့်နေစဉ် အထူးမြင်းတပ် တပ်ဖွဲ့ ၃ မှ ထိုင်းစစ်သား နှင့် ယင်း အမျိုးသား ၇ ဦးတို့တွေ့ဆုံခဲ့သည်။ ထိုလူတို့မှာ မယ်ဆိုင်ချောင်း ကူး၍ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ သို့သော် ထိုင်းစစ်သားတို့က မသင်္ကာသဖြင့် ရပ်တန့်ရန် အမိန့်ပေးသောအခါ ထိုအမျိုး သား ၇ ဦးမှာ ၄င်းတို့၏ ကျောပိုးအိတ်များ ကို ပစ်ချခဲ့၍ ထွက်ပြေးသွားသည်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန (ONCB) က ထိုပစ္စည်းအိတ်များကို စစ်ဆေးပြီး မူးယစ်ဆေးဝါးတို့ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အိတ်တိုင်းတွင် အမှတ်အသားများ နှင့် ကုဒ်နံပါတ်များလည်းပါရှိသည်။ ထိုအမှတ်အသားများ၊ ကုဒ်နံပါတ်များမှာ ၄င်းတို့ ဖောက်သည်များ၏ ကုဒ်နံပါတ် သို့မဟုတ် သွားရောက်ပို့ဆောင်မည့်နေရာအတွက် ကုတ်နံပါတ်များဖြစ်နိုင်ကြောင်း ONCB က ပြောကြားခဲ့သည်။

(ဘန်ကောက်ဖို့စ် ၏ မေလ ၁၅ ရက်နေ့ ၂၀၁၃ ခုနှစ် ထုတ်သတင်းစာ မှ ဘာသာပြန်ဆိုသည်။)

No comments: