Monday, May 6, 2013

မီဇိုရမ်တွင် ချင်းပါစတာတစ်ဦး သစ်ပင်ဖိမိ၍ ပွဲချင်းသေဆုံး

khonumthung

ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ က မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့ နယ် Rawpui ကျေးရွာတွင် သစ်ထမ်း အလုပ်လုပ်ကိုင်ခဲ့သူ ချင်းပါစတာ တဦးအား ရုတ်တရက် သစ်ပင်ဖိမိ၍ ပွဲချင်းသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သော ပါစတာသည် ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့ နယ် Phaileng ကျေးရွာမှ Pastor Muanga (၃၁) ဆိုသူဖြစ်ကြောင်း၊ သူသည် Phaileng ကျေးရွာ American Baptist Church တွင် တာဝန် ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

သေဆုံးခဲ့သည့် ပါစတာသည် မြန်မာနိုင်ငံ မန္တလေးမြို့ တွင် ကျင်းပပြုလုပ်မည့် အသင်းတော် ပါစတာ များ သင်တန်းတွင် တက်ရောက်နိုင်ရန် စီစဉ်လျက် မီဇိုရမ်သို့  သူ့  သူငယ်ချင်း ၄ ဦးနှင့် အတူ သစ်ထမ်း အလုပ် လုပ်ကိုင်စဉ် သေဆုံးခြင်းဖြစ်သည် ဟု ဒေသထုတ် သတင်းစာ တွင် ဖေါ်ပြ ထားသည်။

“မနက် ၉း၀၀ နာရီခန့် က လေအရမ်းတိုက်တဲ့အတွက် ပါစတာတို့  တည်းခိုနေတဲ့ တဲလေးမှာ အနားယူနေချိန် မှာဘဲ တဲအနားရှိ သစ်ပင်ကြီး လဲကျခဲ့တဲ့အတွက် အခုလို အဖြစ်ဆိုးနှင့် ကြုံတွေ့  ရတယ်” ဟု မီဇိုရမ်ထုတ် The Aizawl Post သတင်းစာတွင် ဖေါ်ပြထားသည်။

သေဆုံးသူ၏ အလောင်းကို သူနှင့်လိုက်ပါခဲ့သည့် သူ့ ရဲ့ သူငယ်ချင်းများနှင့် ဒေသခံ အာဏာပိုင် များက စီစဉ်ပြီး မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ဘက်သို့  သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း (၁၄)ခုအနက် ချင်းပြည်နယ်သည် အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ် ရာ ချင်းလူထု အများစုသည် အိမ်နီးချင်းပြည်နယ်ဖြစ်သည့် မီဇိုရမ်သို့  သွားရောက်ပြီး မိမိတို့  စားဝတ်နေရေး ဖြေရှင်း နိုင်ရေးအတွက် ကြုံရာအလုပ် လုပ်ကိုင်နေကြရာမှ တချို့ သော အလုပ် သမားများသည် အခက်အခဲအမျိုးမျိုးနှင့် မကြာခဏ ကြုံတွေ့ ပြီး တချို့ မှာ အသက်ဆုံးရှုံးသည့် အဖြစ်မျိုးလည်း ကြုံတတ်ကြသည်။

No comments: