Monday, May 6, 2013

ပုဂ္ဂလိက သူနာပြု အကူသင်တန်းများ တရားမဝင်ဘူးလား

ညိမ်းပြည့်စုံ


ပုဂ္ဂလိက သူနာပြုအကူ သင်တန်း ဖွင့်လှစ်ထားသူများ အနေဖြင့် လုပ်ငန်းလိုင်စင် တရားဝင် လျှောက်ထား၍ ဖွင့်လှစ်ထားခြင်း ဖြစ်သည်ဟု ပြောဆိုကြသော်လည်း ကျန်းမာရေး ဝန်ကြီးဌာနကမူ အဆိုပါလုပ်ငန်းသည် အမှန်တကယ်အားဖြင့် တရားမဝင်ဟု ထုတ်ပြန် ပြောဆိုခဲ့သည်။

“ပုဂ္ဂလိက သူနာပြု အကူ သင်တန်းတွေက တရားမဝင်ဘူး။ ဒါပေမယ့် ဒီလို တရားမဝင်တဲ့ သူနာပြုအကူ သင်တန်းတွေကို အရေးယူဖို့ကျတော့ ကျနော်တို့ လုပ်လို့မရဘူး။ ဒါကို သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွေကပဲ လုပ်လို့ ရတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးရုံးမှ ရုံးအဖွဲ့မှူး ဒေါက်တာ ဘုန်းရောင်က ဧရာဝတီသို့ ပြောသည်။

အောင်ချမ်းမြေ့ကဲ့သို့ သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင် သင်တန်းများကို ကျန်းမာရေး ဝန်ကြီးဌာနက ဖွင့်ခွင့် မပေးထား သော်လည်း မြို့နယ် ပညာရေးမှူးရုံးများနှင့် သမဝါယမ အသင်းများတွင် လျှောက်ထား၍ ဖွင့်ကြသည့် သင်တန်းများ ရှိနေသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ဆိုသည်။

“များသောအားဖြင့် ကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ သမဝါယမ အသင်းတွေအပြင်၊ စာသင်ချင်လို့ပါ ဆိုပြီး မြို့နယ် ပညာရေးမှူးတွေဆီက ထောက်ခံစာယူပြီး ဖွင့်ထားတာတွေ တွေ့ရတာများတယ်။ အဲဒါတွေကိုတော့ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားပြီး သူတို့ကပဲ အရေးယူတာတွေ လုပ်လို့ရတယ်” ဟု ကျန်းမာရေး ၎င်းက ပြောသည်။

သူနာပြုအကူ သင်တန်းများတွင် ဆေးပညာများနှင့် ပတ်သက်သည့် သင်ရိုးများ၊ သင်တန်းကိုများ သင်ကြားခွင့် မရှိကြောင်း၊ ထိုသင်တန်းများတွင် အများအားဖြင့် အစိုးရ သူနာပြုအကူ သင်တန်းဆင်းများကသာ ဦးစီး၍ ပြန်လည် ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တရားမဝင်သည့် သူနာပြုအကူ သင်တန်းများသည် မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေ ပြန်လည်ပြင်ဆင် ရေးဆွဲ ပြီးချိန်တွင် ဥပဒေပါ အချက်အလက်များအရ လျော်ညီစွာ ပြင်ဆင်၍ ဖွင့်လှစ်မည်ဆိုပါက တရားဝင် ဖြစ်လာနိုင်မည် ဖြစ်ကြောင်း၊ သို့သော် ယခုအချိန်အထိ ထိုဥပဒေအား ပြင်ဆင်ခြင်း မပြုလုပ်ရသေးကြောင်းလည်း သိရသည်။

သူနာပြုအကူ သင်တန်းများအား ကျန်းမာရေး ဝန်ကြီးဌာနက တရားမ၀င်ဟု ပြောနေသော်လည်း ၎င်းတို့သည် အလုပ်သမား ဝန်ကြီးဌာနတွင် လုပ်ငန်းလိုင်စင်၊ ကုမ္ပဏီလိုင်စင်များ လျှောက်၍ တရားဝင်ဖွင့်သည့် သင်တန်းများ ဖြစ်ကြောင်း၊ အလုပ်သမား ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နိုင်သော လုပ်ငန်းများထဲတွင် ထိုသင်တန်းမျိုးလည်း ပါဝင်ပြီး သတ်မှတ်ချက်များဖြင့် ပြည့်စုံပါက ဖွင့်နိုင်သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားကြောင်း သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင် သင်တန်း ဖွင့်ထားသူများက ပြောသည်။

“ကျမတို့က ကုမ္ပဏီအနေနဲ့ လိုင်စင်လျှောက်ထားတာ။ နောက်ပြီး သူနာပြု အကူနဲ့ ဆေးဝါးကျွမ်းကျင် သင်တန်းတွေကို တရားဝင် လုပ်လို့ရတဲ့ လုပ်ငန်းတွေဆိုပြီး သတင်းစာထဲမှာ ထုတ်ပြန်ထားတယ်။ သူနာပြုအကူ သင်တန်းတွေကို တရားမဝင်ဘူးလို့ ပြောတာတွေကိုတော့ မကြားဖူးဘူး။ အပြင်မှာ ဒီလိုသတင်း ထွက်နေတယ် ဆိုတာလည်း လုံးဝမသိဘူး။ ကျမတို့ သင်တန်းတွေက တရားဝင် လုပ်ငန်းလိုင်စင်နဲ့ ဖွင့်ထားတာမို့လို့သာ မဖမ်းဘဲ ဖွင့်ခွင့်ပေးထားတာပေါ့” ဟု စံညိုညိုမြင့် ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်းကျောင်းပိုင်ရှင် ဒေါ်ညိုညိုခန့်က ဆိုသည်။

ပုဂ္ဂလိက ဆေးဝါးကျွမ်းကျင်နှင့် သူနာပြု အကူသင်တန်းများတွင် သင်ကြားပေးသည့် သင်ရိုးများမှာ သင်တန်းတခုနှင့်တခု မတူညီကြဘဲ တချို့သင်တန်းများတွင် အစိုးရ သူနာပြုအကူသင်တန်းမှ သင်ရိုးများ သင်ကြားပေးသော်လည်း တချို့သော သင်တန်းများတွင်မူ စင်ကာပူနိုင်ငံတွင် သင်ကြားပေးသည့် သင်ရိုးများကို အသုံးပြုကြောင်း သိရသည်။

“တရားဝင် မဟုတ်ဘူးဆိုတာ သေချာရင် ကျနော်တို့ကို အရေးယူတာတွေ လုပ်လာကြမှာပေါ့။ ကျနော်တို့ သင်တန်းတွေမှာ သင်ရိုးကလည်း အစိုးရက အသိအမှတ်ပြုပြီး လိုင်စင်လျှောက်ကတည်းက ဘယ်လိုသင်ရမယ်လို့ ညွှန်ကြားထားပြီးသား။ ဒီသင်တန်းမှာ အစိုးရ ဆေးဝါးကျွမ်းကျင် တက္ကသိုလ်ကျောင်းက အောင်တဲ့ သူတွေ၊ အစိုးရ သူနာပြုအကူ သင်တန်းဆင်း တွေနဲ့ ပြန်ဖွင့်ထားတာပါ” ဟု အောင်ချမ်းမြေ့ သူနာပြုအကူ သင်တန်းကျောင်း ပိုင်ရှင် ဦးကိုကိုနိုင်က ပြောသည်။

သူနာပြုအကူများအား နာတာရှည် ရောဂါများနှင့် လူနာများအတွက် အဓိကထား၍ ငှားကြောင်း၊ တချို့သူနာပြုများက လူနာ၏ အောက်ခြေသိမ်း (ဆီး၊ ဝမ်းနှင့် ပတ်သက်သည့်) အလုပ်များ မလုပ်လိုသဖြင့် သူနာပြုအကူ ငှားကြောင်း၊ ပုဂ္ဂလိက သူနာပြုအကူ သင်တန်းဆင်းများထက် အစိုးရ သူနာပြုအကူ သင်တန်းဆင်းများက အလုပ်အကိုင် ရရန်ပိုလွယ်ကြောင်း ပုဂ္ဂလိ သူနာပြုအကူ သင်တန်းဆင်း သူနာပြုအကူတဦးက ဧရာဝတီသို့ ပြောသည်။

“အစိုးရ သူနာပြုအကူတွေကျတော့ ဆေးရုံမှာပဲ ပင်တိုင်နေရတဲ့အတွက် ကြားပေါက်ကြားလမ်းနဲ့ အပိုငွေ ပိုရကြတယ်။ များသောအားဖြင့် သူနာပြုအကူ သင်တန်းဆင်းတွေကျတော့ နိုင်ငံခြားက ဘိုးဘွားရိပ်သာမှာ အလုပ်သွားလုပ်တာတွေ ရှိတယ်။ အဲလိုသွားလုပ်ရင် ပိုက်ဆံပိုရတယ်။ ဒီမှာကတော့ ပုံမှန်အားဖြင့် သူနာပြုအကူ တယောက်က လစာကျပ် ၅ သောင်းနဲ့ ၈ သောင်းလောက်ပဲ ရတယ်” ဟု အဆိုပါ သူနာပြုအကူက ဆက်ပြောသည်။

အစိုးရကဖွင့်သည့် သူနာပြုအကူ သင်တန်းများကို ခုတင် ၁၀၀ နှင့်အထက် ဆေးရုံများတွင် လိုအပ်ချက်အရ နှစ်စဉ် ဖွင့်ပေးနေကြောင်း၊ ထိုသင်တန်း တက်လိုသူများသည် သူနာပြုအကူ ဖြစ်လိုသည့် အစိုးရ အောက်ခြေ ဝန်ထမ်း ဖြစ်ရမည် ဖြစ်ပြီး လုပ်သက်နှင့် ပညာအရည်အချင်းလည်း လိုအပ်ကြောင်း သိရသည်။

“တရားဝင်တဲ့ သူနာပြုအကူ သင်တန်းတွေကတော့ ခုတင် ၁၀၀ နဲ့အထက် ဆေးရုံတွေမှာ လိုအပ်ချက်အရ လိုအပ်သလို ဖွင့်နေတာ။ အရေအတွက်ဆိုတာ မရှိဘူး။ တပြည်လုံးမှာရှိတဲ့ ဆေးရုံတိုင်းမှာ ဖွင့်လို့ရတယ်” ဟု ဒေါက်တာ ဘုန်းရောင်က ဆိုသည်။

ယခုအခါ ကျေးလက်မှ လူငယ်တချို့သည်လည်း ရန်ကုန်မြို့သို့လာပြီး ပုဂ္ဂလိက ဆေးဝါးကျွမ်းကျင်နှင့် သူနာပြု အကူ သင်တန်း တက်ရောက်ကြခြင်းများ ရှိနေကြောင်း၊ ၎င်းတို့အထဲမှ တချို့သောသူတို့၏ ရည်ရွယ်ချက်မှာ သူနာပြုအကူအဖြစ် ဆေးရုံကြီးများတွင် လုပ်ကိုင်လိုသူများဖြစ်ပြီး တချို့၏ ရည်ရွယ်ချက်မှာ မိမိနေရပ် ကျေးလက်သို့ ပြန်ကာ ဆေးဝါး ကုသခြင်းဖြင့် အသက်မွေး ၀မ်းကျောင်းလိုသူများ ဖြစ်ကြောင်း သိရသည်။

3 comments:

May said...

အောင်ချမ်းမြေ့ ဆေးဝါးကျွမ်းကျင်နှင့်အကူသင်တန်းကျောင်း လိပ်စာ သိချင်လို့ပါရှင်

May said...

အောင်ချမ်းမြေ့ ဆေးဝါးကျွမ်းကျင်နှင့်အကူသင်တန်းကျောင်း လိပ်စာ သိချင်လို့ပါရှင်

Unknown said...

No.249, 1st Flr, Bargayar Rd, Myae Ni Gone (South) Ward, Sanchaung Tsp, Yangon.

phone 01-504750, 01-504079