Monday, May 20, 2013

ဇွန်လမှာသြစီနိုင်ငံခြားရေး ၀န်ကြီး မြန်မာကိုသွားဖို့ရှိ

ABC

သြစတြေးလျနိုင်ငံခြားရေး ​ဝန်ကြီး ​ဘော့ဘ်ကားရ်က ​လာမယ့် ​ဇွန်လအတွင်း ​မြန်မာနိုင်ငံကို ​နောက်တကြိမ် ​လာရောက်လည်ပတ်မယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံမှာ ​ဇွန်လကြရင် ​ကျင်းပမယ့် ​ကမ္ဘာ့စီးပွားရေးညီလာခံကိုတော့ ​တက်ရောက်နိုင်မှာ ​မဟုတ်ကြောင်း ​ဒါပေမယ့် ​မြန်မာနိုင်ငံကို ​လည်ပတ်ဖို့ ​အခွင့်အရေး ​နောက်တခေါက် ​မဆုံးရှုံးလိုတဲ့အတွက် ​သြစတြေးလျ ​ပါလီမာန်က ​လုပ်ငန်းတွေ ​ပြီးတာနဲ့ ​ဇွန်လအတွင်းမှာပဲ ​မြန်မာနိုင်ငံကို ​လည်ပတ်မယ်လို့ ​ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ ​အပြောင်းအလဲတွေကို ​အားပေးအားမြောက်ပြုလိုပြီး ​မြန်မာနိုင်ငံအပေါ် ​ကူညီထောက်ပံ့မှုတွေ ​တိုးမြင့်ဖို့ ​ရှိတယ်လို့လည်း ​ပြောပါတယ်။

နိုင်ငံခြားရေး ​ဝန်ကြီးက ​သြစတြေးလျအစိုးရအနေနဲ့ ​မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ ​တိုးတက်မှုတွေအပေါ် ​စိတ်ဝင်တစားရှိနေတဲ့အကြောင်း၊ ​မြန်မာနိုင်ငံရဲ့ ​ပြည်သူ့စွမ်းရည်ကို ​မြှင့်တင်ပေးလိုတဲ့အကြောင်းနဲ့ ​လာမယ့် ​သုံးနှစ်အတွင်း ​မြန်မာနိုင်ငံအပေါ် ​ကူညီထောက်ပံ့ငွေ ​၂ ​ဆ ​တိုးမြင့်ပေးဖို့ ​ရှိတယ်လို့လည်း ​ပြောပါတယ်။

သြစတြေးလျနိုင်ငံအနေနဲ့ ​နိုင်ငံခြားထောက်ပံ့ကူညီမှုကို ​ဒေါ်လာ ​၅.၇ ​ဘီလီယံအထိ ​ပေးဖို့ ​စံချိန်သစ်တင်လိုက်ပြီး ​မြန်မာနိုင်ငံအပေါ် ​ပေးတဲ့ ​ကူညီထောက်ပံ့မှုက ​တစ်နှစ်ကို ​ဒေါ်လာ ​၆၄.၂ ​သန်း ​ကနေ ​၂၀၁၃-၂၀၁၄ ​ခုနှစ်မှာတော့ ​ဒေါ်လာ ​၈၂ ​သန်းအထိ ​တိုးမြင့် ​ထောက်ပံ့ဖို့ ​ရှိတယ်လို့ ​ပြောပါတယ်။

သြစတြေးလျနိုင်ငံအနေနဲ့ ​မြန်မာနိုင်ငံအပေါ် ​ထောက်ပံ့ကူညီမှု ​အများဆုံးပေးတဲ့ ​နိုင်ငံဖြစ်လာမှာ ​ဖြစ်ပါတယ်။ ​ဗြိတိန်နိုင်ငံက ​တနှစ်ကို ​ဒေါ်လာ ​၇၅ ​သန်းကျော် ​ထောက်ပံ့နေတာဖြစ်ပြီး ​အမေရိကန်နိုင်ငံကလည်း ​တစ်နှစ်ကို ​ဒေါ်လာ ​၇၅.၄ ​သန်း ​ထောက်ပံ့ဖို့ ​ရည်ရွယ်နေကြောင်း ​သိရပါတယ်။

သြစတြေးလျနိုင်ငံက ​ထောက်ပံ့မယ့် ​ဒေါ်လာငွေ ​၈၂ ​သန်းကို ​မြန်မာနိုင်ငံရဲ့ ​ပညာရေး၊ ​ပြည်သူ့စွမ်းရည် ​တိုးတက်ရေးနဲ့ ​အမျိုးသမီး ​ကျန်းမာရေး ​ကဏ္ဍတွေမှာ ​အများဆုံးအသုံးပြုသွားမှာဖြစ်ပြီး ​မြန်မာနိုင်ငံက ​ပညာတော်သင်တွေကိုလည်း ​တိုးမြင့် ​ခေါ်ယူမယ်လို့ ​သိရပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ​ဘော့ဘ်ကားရ်ဟာ ​ပြီးခဲ့တဲ့နှစ် ​ဇွန်လကပဲ ​မြန်မာနိုင်ငံကို ​လာရောက်လည်ပတ်ခဲ့ပြီး ​သမ္မတဦးသိန်းစိန် ​အပါအဝင် ​မြန်မာထိပ်တန်းအစိုးရအရာရှိတွေနဲ့ ​ဒေါ်အောင်ဆန်းစုကြည်သာမက ​၈၈ ​မျိုးဆက်ကျောင်းသားအဖွဲ့၊ ​တိုင်းရင်းသား ​ခေါင်းဆောင်အပြင် ​တခြား ​လူမှုအသင်းအဖွဲ့ကိုယ်စားလှယ်တွေနဲ့လည်း ​တွေ့ဆုံခဲ့ပါတယ်။

No comments: