Sunday, May 5, 2013

လေပြင်းတိုက်ခတ်၍ ကျောက်မဲမြို့နယ်တွင် အိမ်ခြေ ၂၀၀ ခန့် ပျက်စီး


မနေ့ မေလ ၃ ရက်နေ့ ညနေ ၃ နာရီခန့်က ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်းတွင် လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စုစုပေါင်း အိမ်ခြေပေါင်း ၂၀၀ ခန့် ပျက်စီးသွားတယ် လို့ သတင်းရရှိပါတယ်။

ညနေ ၃ နာရီခန့်လောက်မှာ မိုးလေ သည်းထန်စွာ ရွာသွန်းတိုက်ခတ်ခဲ့ပြီး ဆီးသီး အရွယ်ရှိ မိုးသီးများလည်း ပါရှိတယ်လို့ သိရပါတယ်။ ကျောက်မဲမြို့တွင်းမှာတော့ အပျက်အစီး ကြီးကြီးမားမား မရှိပေမယ့် မြို့အပြင်က ကျေးရွာတွေမှာ လူနေအိမ် အတော်များများ အမိုးလန် ပြိုကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့တွင်းမှာတော့ သစ်ပင်ကြီးတွေ လဲပြိုသွားတဲ့ အပြင် ဓာတ်တိုင်း လေးဆယ်ခန့်လည်း လဲကျသွားတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့နယ် အတွင်း ပျက်စီးသွားတဲ့ အိမ်ခြေစာရင်းမှာ တွန်ထန် ရွာက အိမ်ခြေ ၈၀၊ ပါကန်းရွာ က အိမ်ခြေ ၂၀၊ မော်မကျေးရွာက အိမ်ခြေ ၆၈၊ ဝမ်လွယ် ကျေးရွာက အိမ်ခြေ ၆၀၊ မော်အောက်ကျေးရွာက အိမ်ခြေ ၃၁၊ နောင်ပိန်ကျေးရွာ က အိမ်ခြေ ၁၅ စသည်ဖြင့် အိမ်ခြေပေါင်း ၂၀၀ ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။

မော်မရွာမှာ အတော်လေး ပျက်စီးသွားတယ်။ နှစ်အိမ်ပဲ အကောင်းကျန်တယ်။ ဘုန်းကြီးကျောင်းက ကုန်းဆွန်း (ရှမ်းရိုးရာ ဘုရား သင်္ကြန်ရေ သွန်းဆောင်) လည်း လွင့်သွားတယ်။ ရွာသားတွေ ပြောတာကတော့ ကောင်းကင်ကြီး တစ်ခုလုံးနီရဲပြီးတော့ မိုးသက်လေပြင်းကျလာတာပဲတဲ့။ လေဆင်နှာမောင်းလို့လည်း ပြောကြတယ်။ – လို့ ကျောက်မဲမြို့ခံ အမျိုးသား တစ်ဦးက ကော့လီကို ပြောပါတယ်။

အိမ်ခြေပျက်စီးသွားတဲ့ ကျေးရွာလူထုကို ကျောက်မဲမြို့ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ဝင်တွေ၊ မြို့မိမြို့ဖတွေက တတ်နိုင်သလောက် သွားရောက်ကူညီထောက်ပံ့ခဲ့ပေမယ့် လုံလောက်မှု မရှိသေးဘူးလို့ သိရပါတယ်။

လေပြင်းတိုက်ခတ်ပြီးနောက် ကျောက်မဲမြို့တွင်းမှာ လျှပ်စစ်ဓာတ်အားများလည်း ပြတ်တောက်သွားခဲ့တာဟာ ဒီကနေ့ ညနေပိုင်းအထိ လျှပ်စစ် ဓာတ်အား ပြန်လည်ရရှိခြင်း မရှိသေးဘူးလို့ ကျောက်မဲမြို့ ဈေးအနီးက စားသောက်ဆိုင် ပိုင်ရှင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

No comments: