Sunday, May 5, 2013

ခွင့်ပြုချက်မရဘဲ ကျောက်တော် ဆန္ဒဖေါ်ထုတ်ပွဲ ဦးဆောင်သူများကို တတိယအကြိမ် ရုံးတင် စစ်ဆေး

မောင်အေး

ခွင့်ပြုချက် မရဘဲ မတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် ကျောက်တော်မြို့ လူထု ဆန္ဒဖေါ်ထုတ်ပွဲကို ဦးဆောင်သူများဟု စွပ်စွဲခံထားရသူ (၄) ဦးကို ယမန်နေ့က တတိယ အကြိမ် ရုံးတင် စစ်ဆေး ခဲ့သည်။

“ကျွန်တော်တို့ အားလုံးကို ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေနဲ့ စွဲဆိုတာဖြစ်ပါတယ်။ မနေ့က နေ့လည် ၁ နာရီခန့်မှာ စပြီးစစ်ပါတယ်။ ၂ နာရီ ၂၀ မှာပြီးပါတယ်” ဟု တရားစွဲခံရသူများ အထဲတွင် ပါဝင်သူ ကိုမောင်ဝင်းက နိရဉ္စရာကို ပြောသည်။

တရားစွဲဆိုခံရသူများမှာ ဦးမောင်သိန်းလှိုင်၊ ဦးမောင်ဝင်း၊ ဒေါ်လှမေနှင့် ဒေါ်တင်တင်အေးတို့ ဖြစ်ကြပြီး သူတို့ ၄ ဦးအား မြို့နယ်ရဲမှူး မျိုးအောင်မှ တရားလို အဖြစ် ပြုလုပ်ကာ တရား စွဲဆိုထားခြင်း ဖြစ်သည်။

မတ်လ ၇ ရက်နေ့က ကျောက်တော်မြို့တွင် သံဃာတော်များအပါအ၀င် မြို့သူမြို့သားများသည် တူရကီ အစိုးရ အကူအညီဖြင့် ဘင်္ဂလီဒုက္ခသည်များအတွက် အိမ်ဆောက်ပေးမည့် အစီအစဉ်ကို ခွင့်ပြုချက် မရှိဘဲ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ကာ ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

၎င်းပြင် “ ဘင်္ဂလီအရေး ပွင့်လင်း မြင်သာမှု ရှိပါစေ။ ၁၉၈၂ ခုနှစ် ဥပေဒ အကောင် အထည် မဖော် ဘဲ ရခိုင်ပြည်တွင် ဘင်္ဂလီများအတွက် နေအိမ်ဆောက်လုပ်ခွင့်ကို လုံးဝကန့်ကွက်သည်” စသည့် ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုယ်စီ ကိုင်ဆောင်ကာ ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။

ဆန္ဒဖေါ်ထုတ်ပွဲ အပြီးတွင် ကျောက်တော်မြို့နယ် ရဲစခန်းမှ ဦးမောင်သိန်းလှိုင်၊ ဦးမောင်ဝင်း၊ ဒေါ်လှမေနှင့် ဒေါ်တင်တင်အေးတို့အား ရဲစခန်းသို့ ခေါ်ယူပြီး တရားစွဲဆိုမည်ကြောင်း ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် လက်မှတ် ရေးထိုးခိုင်းကာ ခံဝန်ချက်ဖြင့် လွှတ်ပေးခဲ့သည်။

ယမန်နေ့က စစ်ဆေးရာတွင် တရားလိုဘက်မှ သက်သေ ၃ ဦးကိုသာ စစ်ဆေးခဲ့ကြောင်း ကိုမောင်ဝင်း က ဆက်ပြောသည်။

“ မနေ့က ကျွန်တော်တို့ကို စစ်ဆေးမေးမြန်းတာ မရှိဘူး။ တရားလိုဘက်က သက်သေတွေဖြစ်တဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကိုဘဲ စစ်ဆေးပါတယ်။ ကျောက်တော် အုပ်ချုပ်ရေးမှူး၊ ရှမ်းရွာအုပ် ချုပ်ရေးမှူး နဲ့ ပြည်တော်သာအုပ်ချုပ်ရေးမှူးတွေကိုဘဲ စစ်ပါတယ်” ဟုဆိုသည်။

တရားစစ်ဆေးရာတွင် မည်သူ မဆို လွတ်လပ်စွာ လာရောက် နားထောင်ခွင့် ရရှပြီး ရှေ့နေလည်း ဌားရမ်းခွင့်ပြုကြောင်း သိရသည်။

လာမည့် မေလ ၁၄ ရက်နေ့တွင် ထပ်မံရုံးချိန်း ပေးလိုက်သည်ဟု ဆိုသည်။

အလားတူ စစ်တွေ၊ ရသေ့တောင်နှင့် တောင်ကုတ်မြို့များတွင်လည်း ဘင်္ဂလီ ဒုက္ခသည်များအတွက် အိမ်ဆောက် ပေးမည့် အစီအစဉ်အား ကန့်ကွက်သည့် ဆန္ဒပြပွဲများကို ဦးဆောင်သူများကိုလည်း အာဏာပိုင်များက တရား စွဲဆိုထားသည်။

No comments: