Saturday, May 4, 2013

တန့်ယန်း လွယ်စေး ဒေသတွင် တိုက်ပွဲ ထပ်မံဖြစ်ပွား

ကော့လီ

အခုလပိုင်းအတွင်းမှာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ တန့်ယန်းမြို့နယ် လွယ်စေး ဒေသမှာ မနေ့ညဦးပိုင်းက စလို့ ဒီကနေ့ မနက်အထိ တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ဌာနချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

မနေ့က မေလ ၂ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်မှာ တပ်မတော် လှုပ်ရှားစစ်ကြောင်း တစ်ခုနဲ့ လားဟူ ပြည်သူ့စစ်များ အင်အား ၈၀ ကျော်လောက်ဟာ ဆိုင်းခေါင်-မတ်ဝေါင်း ကျေးရွာများကနေ ရှမ်းပြည်တပ်မတော် အခြေစိုက်ရာ တမ်ဖတ်လိုင်း ဆီ ချီတက်လာလို့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ တစ်ညလုံး ဖြစ်ပွားခဲ့တယ်လို့ အဆိုပါ သတင်း ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဒီကနေ့ မေလ ၃ ရက်နေ့ မနက် ၅ နာရီ ၄၀ မိနစ် အချိန်မှာ တပ်မတော် စစ်ကြောင်းတစ်ခုကို အဆိုပါ အက်စ်အက်စ်အေ တပ်ဖွဲ့များ အခြေစိုက်ရာကို ထပ်မံ ချဉ်းကပ်လာတဲ့ အတွက် နံနက် ၉ နာရီခန့်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေတုန်းဖြစ်ကြောင်းလည်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင် က အခုလို ထိုးစစ်ဆင်နေခြင်းဟာ မကြာခင်က လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ထိခိုက်နိုင်တာကြောင့် ထိုးစစ်များကို ရပ်စဲသင့်ကြောင်း၊ ယုံကြည်မှုကိုလည်း လျော့ပါးစေကြောင်း၊ မည်သည့် ရည်မှန်းချက်ရှိနေသည်ဖြစ်စေ စစ်ကိုရပ်စဲ၍ နိုင်ငံရေး စားပွဲဝိုင်းတွင်သာ ဖြေရှင်းသင့်ကြောင်း ကော့လီကို ပြောပါတယ်။

ယခုတစ်ခေါက် တပ်မတော်က လွယ်စေးဒေသကို ထိုးဖောက် ဝင်ရောက်လာရာမှာ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ အပြင် တန့်ယန်း မြို့နယ် အနီးတဝိုက်မှာရှိတဲ့ မန်ပန် ပြည်သူ့စစ်၊ မိုင်းဟင်/မိုင်းဟ ပြည်သူ့စစ်၊ လားဟူပြည်သူ့စစ် အဖွဲ့များက တစ်ဖွဲ့လျှင် ၃၀-၄၀ လောက် ခေါ်ယူလာခဲ့တယ်လို့ အက်စ်အက်စ်အေ က ထုတ်ပြန်ထားပါတယ်။

No comments: