Saturday, May 4, 2013

ကောလဟလကြောင့် ဖားကန့်ရှိ အစ္စလာမ် ဘာသာဝင်ဆိုင်များ ဖျက်ဆီးခံရ

ကော့လီ

မနေ့က မေလ ၂ ရက်နေ့ ညနေပိုင်းတုန်းက ကချင်ပြည်နယ် ဖားကန့်မြို့မှာ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး အစ္စလာမ် ဘာသာဝင်များ ပိုင်ဆိုင်တဲ့ ဆိုင်များ ဖျက်စီးခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

ညနေ ၄ နာရီခန့်မှာ ဖားကန့်မြို့ မရှီကထောင် ရပ်ကွကင် ဘုန်းကြီးကျောင်းကို အစ္စလာမ် အကြမ်းဖက်သမားများ လာရောက် ဖျက်ဆီးမယ်လို့ သတင်းထွက်ပေါ်လာလို့ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးများက ၎င်းဘုန်းကြီးကျောင်းမှာ စုဝေးကြပြီး ကာကွယ်ထိန်းသိမ်းရန် တိုင်ပင်ကြရင်း ဆိုင်းတောင် (ဆိပ်မူ) မြို့လယ်ဘက်ကို လူအုပ်နဲ့ ချီတက်သွားကြရာ အရှင်ကြီးကုန်း (နတ်စင်ကုန်း) အနားရှိ အစ္စလာမ် ဘာသာဝင်များ ပိုင်ဆိုင်တဲ့ ကမ္ဘာကျော် လျှပ်စစ် ပစ္စည်းဆိုင်၊ မှော်ရှန်ရပ်ကွက်ရှိ ဝင်းမေတ္တာ ကုန်မာဆိုင်နှင့် မလိခ စတိုးတွေမှာရှိတဲ့ ပစ္စည်းတွေကို လူအုပ်ကြီးက ရိုက်ခွဲဖျက်ဆီးပစ်ကြတယ်လို့ သိရပါပြီး ပစ္စည်းတွေကိုတော့ ယူဆောင်သွားကြခြင်း မရှိဘူးလို့လည်း သိရပါတယ်။

လာရောက်ဖျက်ဆီးသူ လူအုပ်ဟာ လူနှစ်ဆယ်ခန့်သာ ရှိတယ်လို့ ခန့်မှန်းရပေမယ့် ဝိုင်းအုံကြည့်သူ များပြားလွန်းတာကြောင့် ရပ်ရွာလူထု အထိတ်တလန့်ဖြစ်ပြီး ပစ္စည်းများသိမ်း၊ အထုပ်များပြင်ကာ ထွက်ပြေးကြရန် စီစဉ်ကြတာကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားတယ်လို့ သိရပါတယ်။ ဆိုင်ပိုင်ရှင်များကလည်း လူအုပ်ကြီးက ၎င်းတို့ကို ရန်မူမှာစိုးရိမ်လို့ ကိုယ်လွတ်ထွက်ပြေးသွားကြတာမို့လို့ လူအထိအခိုက် မရှိဘူးလို့ သိရပါတယ်။

အခုလို အဓိကရုဏ်းဖြစ်နေတာကို ဖားကန့် အခြေစိုက် တပ်မ(၁၀၁) က စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များက လာရောက် ထိန်းသိမ်းလူစုခွဲကာ မိုးချုပ်ချိန်မှာတော့ အခြေအနေ ပြန်ငြိမ်သက်သွားတယ်လို့ သိရပါတယ်။

အခြေအမြစ် မရှိတဲ့ ကောလဟလ သတင်းများ ထုတ်လွှင့်ပြီး တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးရန် ဖန်တီးသူများအား ဖော်ထုတ်အရေးယူကာ လူထုက လိုလားကြောင်း၊ အေးချမ်းစွာ စီးပွားရှာ အသက်မွေးလိုကြပြီး မည်သည့်ဘာသာဝင်တွေနဲ့မှ ပြဿနာ မဖြစ်လိုကြောင်း ဆိုင်းတောင် ရပ်ကွက်(၃) နေသူ တစ်ဦးက ကော့လီကို ပြောပါတယ်။

မိတ္ထီလာ အဓိကရုဏ်းအပြီးနောက်ပိုင်း ငြိမ်သက်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ဆန်တဲ့ အဓိကရုဏ်းများဟာ မေလ ၁ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီး ဥက္ကံမြို့မှာ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် အခုလို ဖားကန့်မှာလည်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

No comments: