Saturday, May 4, 2013

လေပြင်းတိုက်၍ ကျေးသီး အထကကျောင်း ပျက်စီး

Kawli

ရှမ်းပြည်နယ် အလယ်ပိုင်း ကျေးသီးမြို့မှာ မနေ့ မေလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က လေပြင်းတိုက်ခတ်ပြီး မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် အခန်း ၂၁ ခန်းရှိ အခြေခံ ပညာ အထက်တန်းကျောင်း သဇင်ဆောင်ဟာ ၁၅ ခန်းစာလောက် အမိုးများလန်ပြီး ပြိုကျပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။

လေပြင်းမုန်တိုင်းဟာ မွန်းလွဲပိုင်း ၂ နာရီ ၄၅ မိနစ် မှ ၃ နာရီ ၁၅ မိနစ်ခန့်အထိ မိနစ် ၃၀ ကြာ တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ လေပြင်းနှင့် အတူ ပါသွားတဲ့ သစ်တိုင်များ၊ သွပ်၊ သံတွေက ကျောင်းဝင်းတံခါးမကြီး အပေါ် ပိကျသွားတာမို့လို့ တံခါးပါ ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။။

အဆိုပါ ပျက်စီးမှုကို ကျောင်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများ သွားရောက်ကြည့်ရှုကြပြီး သက်ဆိုင်ရာနှင့် ညှိနှိုင်းတိုင်ပင်ကာ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေးအတွက် ကြိုးပမ်းမှာဖြစ်တယ်လို့ ကျေးသီးမြို့ ဈေးရပ်ကွက်နေ ရပ်မိရပ်ဖ တစ်ဦးက ကော့လီကို ပြောပြပါတယ်။

ကျေးသီးမြို့ လေပြင်းတိုက်ခတ်မှု ဖြစ်စဉ်အတွင်းမှာ အခြားအဆောက်အဦး၊ လူနေအိမ်များ ထိခိုက်ပျက်စီးမှု၊ လူထိခိုက်မှု မရှိဘူးလို့လည်း သိရပါတယ်။ ရှမ်းပြည်နယ် အလယ်ပိုင်း အခြားမြို့နယ်များမှာလည်း လေပြင်းတိုက်ခိုက်မှုရှိခဲ့တယ်လို့ သိရပါသေးတယ်။

ထို့အတူ မေလ ၁ ရက်နေ့ ညဦးပိုင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းမှာလည်း မိုးရွာလေပြင်းတိုက်လို့ သစ်ပင်အချို့ မူစယ်-မန္တလေး လမ်းမကြီးပေါ် လဲကျခဲ့တယ်လို့ သိရပါတယ်။

No comments: