Tuesday, May 14, 2013

မတည်ငြိမ်သေးသော အခြေအနေကြောင့် နောင်မတာ သို့ လူထု မပြန်နိုင်သေး

Kawli

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့တုန်းက အစိုးရတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ RCSS/SSA စခန်း အနီးက နောင်မတာ၊ နောင်ခမ်း၊ မန်ကွန် ကျေးရွာများကနေ ထွက်ပြေး တိမ်းရှောင်လာသူတွေဟာ မိမိတို့ နေရင်းရွာတွေမှာ အခြေအနေများ မတည်ငြိမ်သေးတာကြောင့် တရုတ်နိုင်ငံ နောင်တောင်း၊ နောင်ဆောင် ရွာများတွင်လည်းကောင်း ဆက်လက် ခိုလှုံနေကြပြီး မူရင်း နေရပ်ကို မပြန်ရဲကြသေးဘူးလို့ သတင်းရရှိပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာများနဲ့ အနီးဆုံးဖြစ်တဲ့ နောင်မတာ၊ နောင်ခမ်း၊ မန်ကွန် ကျေးရွာများမှာ လူသူ မရှိသလောက် ဖြစ်နေပြီး အစိုးရတပ် စစ်သည်များသာ ရှိနေတယ်လို့သိရပါတယ်။

နောင်မတာ မှာ ရွာသားတွေ တစ်ယောက်မှ မရှိတော့ဘူး။ နောင်ခမ်း မှာဆိုရင်တော့ အသက်ကြီးတဲ့ လူတချို့ ကျန်နေသေးတယ်။ အစိုးရတပ်နဲ့ ပြည်သူ့စစ်တွေက ရွာထဲက အိမ်တချို့ကို လိုက်မွှေနှောက်ပြီး ရှာနေတယ်။ တချို့အိမ်မှာ ကျန်ခဲ့တဲ့ တရုတ်ငွေ ယွမ်သောင်းချီပြီးတော့ ရသွားကြတယ်။ အခုထိ ဘယ်သူမှ အိမ်မပြန်ရဲသေးဘူး။ – လို့ တရုတ်နိုင်ငံ နောင်ဆောင် ကျေးရွာကို ရောက်ရှိနေတဲ့ နောင်ခမ်းရွာသူ အမျိုးသမီးကြီး တစ်ဦးက ကော့လီကို ပြောပါတယ်။

နောင်မတာ၊ နောင်ခမ်း၊ မန်ကွန် သုံးရွာ စလုံးမှာ စစ်သားတွေရှိတယ်။ ဘယ်သူ့မှ ပြန်လို့ မရသေးဘူး။ စစ်တပ်က ပေးမဝင်သေးဘူးလေ။ သူတို့ပြောတာကတော့ RCSS က ပြန်လာတိုက်မှာ စိုးလို့လို့ ပြောတာပဲ။ အဲဒီရွာထဲက အိမ်တချို့က စစ်သားတွေက လိုက်ဖျက်နေတယ်လို့လည်း ကြားတယ်။ – လို့ နမ့်ခမ်းမြို့နေ အမျိုးသား တစ်ဦးက ကော့လီကို ပြောပါတယ်။

ဒါ့အပြင် ကွန်ဟိုင်းရွာမှာ လူတစ်ယောက်ကို စစ်တပ်က စစ်ဆေးမေးမြန်းပြီး ပစ်သတ်လိုက်တယ်လို့လည်း တရုတ်နိုင်ငံဘက် တိမ်းရှောင်လာတဲ့ ရွာသားတွေက အခုလို ပြောပါတယ်။ – မန်ဆွမ်းရွာသား တစ်ယောက် ကွန်ဟိုင်းမှာ ပစ်သတ်ခံရတယ်။ သူ့နာမည်က စိုင်းအောင်လှ။ အသက် ၅၀ လောက်ရှိပြီ။ တိုက်ပွဲဖြစ်တဲ့နေ့က စစ်တပ်က သူ့ကိုဖမ်းပြီး စစ်တယ်။ ရိုက်နှက်ပြီးစစ်တယ်။ ပြီးတော့ အဲဒီညမှာပဲ ပစ်သတ်လိုက်တယ်။ သူ့ကို ကွန်ဟိုင်းရွာထဲက စိုင်းကျော်လှ တို့ အိမ်နားမှာပဲ မြှုပ်လိုက်တယ်လို့ ကြားတယ်။

ထို့အပြင် နောင်မတာကို အစိုးရတပ်က သိမ်းပိုက်လိုက်ပြီးနောက်ပြီး နောင်မတာ၊ နောင်ခမ်း ကျေးရွာများမှာ ပစ္စည်း လုယက်မှုများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ဗမာလူမျိုးတွေ

တရုတ်နိုင်ငံဘက်ကနေ နောင်မတာ၊ နောင်ခမ်း ရွာတွေကို ဝင်ခွင့်ပြုခဲ့​ကြောင်း၊ ဝင်ရောက်လာသူ ဗမာလူမျိုးတွေမှာ အမျိုးသားတွေ သာမက အမျိုးသမီးတွေလည်း ပါဝင်ကြောင်း၊ အဆိုပါ လူအုပ်တွေက နောင်မတာ၊ နောင်ခမ်းရွာ ထဲက ပိုင်ရှင်မရှိတဲ့ နေအိမ်ထဲက ပစ္စည်းတွေ ဝင်ရောက်ယူငင်ပြီးတော့ တရုတ်နိုင်ငံဘက်က နောင်တောင်း အစရှိတဲ့ ဈေးတွေမှာ ချရောင်းကြကြောင်း၊ နောက်ပိုင်းမှာ တရုတ် ရဲတပ်ဖွဲ့က တိုက်ပွဲဖြစ်ရာနဲ့ နီးကပ်တဲ့ နယ်စပ်ဒေသနားက ဗမာလူမျိုးတွေက လိုက်လံ ဖမ်းဆီးခဲ့ရကြောင်း သိရပါတယ်။

ဗမာတွေ ပစ္စည်း ဝင်လုတော့ အခြေအနေ ရှုပ်ကုန်တယ်။ အစက ထွက်ပြေးလာတဲ့လူတွေ အများစုက တရုတ်နိုင်ငံဘက်က ဆွေမျိုးအိမ်တွေ၊ အသိမိတ်ဆွေ အိမ်တွေမှာပဲ သွားနေကြတာများတယ်။ အဲဒီမှာ တကယ်စစ်ပြေးလာတဲ့သူတွေလား၊ ပစ္စည်းလာလုတဲ့ လူတွေလား ဆိုတာ တရုတ်အာဏာပိုင်တွေ အနေနဲ့ ခွဲဖို့ခက်သွားတယ်။ ဒါကြောင့် စစ်ပြေးလာတဲ့လူတွေကို တစ်နေရာထဲမှာ စုနေဖို့ တိုက်တွန်းနေတယ် သိရတယ်။ – လို့ တရုတ်နိုင်ငံ နောင်ဆောင်ကျေးရွာမှာရှိတဲ့ ဒုက္ခသည်တွေကို ကိုယ်တိုင် သွားရောက် တွေ့ဆုံခဲ့တဲ့သူ တစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံ နောင်ဆောင်တွင် အိမ်ထောင်စု ၁၄၀ ခန့်၊ တရုတ်နိုင်ငံ အိမ်ထောင်စု ၁၃၀ ခန့် တိမ်းရှောင် ရောက်ရှိနေကြပြီး နောင်တောင်း၊ နောင်ဆောင် နေ ဒြေသခံ ရှမ်းလူမျိုးများက စားရေးသောက်ရေးများကို ကူညီထောက်ပံ့ပေးနေကြတယ်လို့ သိရပါတယ်။

No comments: