Wednesday, May 22, 2013

မိတ္ထီလာပဋိပက္ခမှာ ပါဝင်သူ ၇ဦး ထောင်ဒဏ် ၂၈နှစ်အထိကျခံရ

ABC

မြန်မာနိုင်ငံက ​ဘာသာရေးနဲ့ ​လူမျိုးရေး ​ပဋိပက္ခမှာ ​ပါဝင်သူ ​မွတ်စလင်လူမျိုး ​၇ ​ဦး ​ကို ​တရားရုံးက ​ထောင်ဒဏ် ​၂နှစ်ကနေ ​၂၈ ​နှစ် ​အထိ ​ကျခံဖို့ ​အမိန့်ချမှတ်လိုက်ပါတယ်။

ထောင်ဒဏ်အမိန့်ချမှတ်ခံရတဲ့ ​တရားခံ ​မွတ်စလင်လူမျိုး ​၇ ​ဦးဟာ ​မိတ္ထီလာမှာဖြစ်ခဲ့တဲ့ပဋိပက္ခမှာ ​ဗုဒ္ဓဘာသာ ​ရဟန်းတော် ​တပါးအား ​သတ်မှုနဲ့ ​ဖမ်းဆီးတရားစွဲဆိုခံထားခဲ့ရတာဖြစ်ပါတယ်။

သူတို့ကို ​လူသတ်မှု၊ ​လူသတ်ဖို့အတွက် ​တိုက်တွန်းနှိုးဆော်မှု၊ ​တမင်တကာကြံရွယ်မီးရှို့မှု ​နဲ့ ​ပြည်သူပိုင် ​ပစ္စည်းတွေကို ​ထိခိုက်ဖျက်ဆီးမှုတို့နဲ့ ​ထောင်ဒဏ်ကျခံရတာ ​ဖြစ်တယ်လို့ ​တရားရုံးကဆိုပါတယ်။ ​သူတို့ရဲ့ရှေ့နေတွေကတော့ ​အယူခံဝင်ဖို့အတွက် ​လုပ်ဆောင်သွားမယ်လို့တော့ပြောပါတယ်။

တရားခံ ​၇ ​ဦးထဲက ​အဓိက ​တဦးကတော့ ​ထောင်ဒဏ် ​တသက်တကျွန်းနဲ့ ​ညီမျှတဲ့ ​ထောင်ဒဏ် ​အနှစ် ​၂၀ ​ကျခံရမှာဖြစ်သလို ​တခြားအမှုတွေနဲ့ ​နောက်ထပ် ​ထောင်ဒဏ်လေးနှစ် ​ကျခံရမှာဖြစ်ပါတယ်။

အစိုးရရဲ့ ​အဆိုအရ ​ပြီးခဲ့တဲ့မတ်လ ​မတ္ထီလာ ​ပဋိပက္ခမှာ ​အနည်းဆုံး ​လူ ​၄၄ဦး ​သေဆုံးခဲ့တယ်လို့ ​သိရပါတယ်။


မိတ္ထီလာပဋိပက္ခသတင်းအပြည့်အစုံ


မြန်မာနိုင်ငံ ​မိတ္ထီလာမြို့မှာဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခအတွင်း ​ရဟန်းတော် ​တပါးဖြစ်တဲ့ ​ဆရာတော် ​ဦးသောဘိတကို ​သတ်ဖြတ်ခဲ့သူတွေအဖြစ် ​စွပ်စွဲ ​ခံထားရသူ ​၇ဦးကို ​မတ်လ ​၂၁ရက်နေ့မှာ ​မိတ္ထီလာခရိုင်တရားရုံးက ​ပြစ်ဒဏ်တွေချမှတ်လိုက် ​တယ်လို့ ​သိရပါတယ်။

ဆရာတော်ဦးသောဘိတကို ​သတ်တဲ့အမှုမှာ ​အားလုံး ​၁၃ဦးပါဝင်နေတဲ့အထဲက ​၇ ​ဦးကို ​ခရိုင်တရားရုံးက ​အမိန့် ​ချလိုက်တာဖြစ်ပြီး ​အဓိကတရားခံတွေဖြစ်တဲ့ ​၄ဦးကတော့ ​ခုချိန်ထိ ​လွတ်မြောက်နေဆဲဖြစ်ပါတယ်။ ​မိတ္ထီလာခရိုင်တရားရုံးနဲ့ ​မြို့နယ်တရားရုံးက ​ပြစ်ဒဏ်တွေချမှတ်ခဲ့တာနဲ့ပတ်သက်ပြီး ​အမှုမှာလိုက်ပါ ​ဆောင်ရွက်ခဲ့တဲ့ ​ရှေ့နေများကွန်ယက်က ​ဦးသိန်းသန်းဦးက ​အခုလိုပြောပြပါတယ်။

“မိတ္ထီလာခရိုင်တရားရုံးက ​ဆရာတော် ​ဦးသောဘိတကို ​လုပ်ကြံသတ်ဖြတ်တဲ့အမှုနဲ့ ​ပတ်သက်ပြီးတော့ ​ခရိုင်တရားရုံးနဲ့ ​မြို့နယ်တရားရုံးက ​အပြစ်ပေးလိုက်တာ”

တရားခံတွေထဲက ​တစ်ဦးဖြစ်တဲ့ ​အဏ္ဏ၀ါ ​(ခေါ်) ​မြတ်ကိုကို ​အား ​ပြစ်မှုဆိုင်ရာဥပဒေ ​ပုဒ်မ ​၃၀၂ ​ဖြစ်တဲ့ ​လူသတ်မှုနဲ့ ​နှစ် ​၂၀ ​နဲ့ညီမျှတဲ့ ​တသက်တကျွန်း ​ထောင်ဒဏ်ချခံရတဲ့အပြင် ​ဘာသာ ​သာသနာကို ​အသရေပျက်အောင်လုပ်မှုနဲ့ ​နောက်ထပ် ​ထောင်ဒဏ် ​၄နှစ် ​အားလုံးပေါင်း ​၂၄နှစ်ကျခံဖို့ ​တရားရုံးက ​အမိန့်ချမှတ်လိုက်တယ်လို့ ​ဆိုပါတယ်။

ကျန်တဲ့ ​တရားခံတွေကတော့ ​လူသတ်မှုကို ​အားပေးကူညီမှု၊ ​ဆူပူလှုံ့ဆော်မှု၊ ​ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု၊ ​ပညာရေးရုံးမီးရှို့မှုတွေနဲ့ ​တရားစွဲခံထားရတာဖြစ်ပြီး ​သူတို့ကို ​ထောင်ဒဏ် ​၂နှစ်ကနေ ​၂၈နှစ်ထိချခဲ့တယ်လို့သိရပါတယ်။ ​တရားခံတဦးဖြစ်ပြီး ​အသက်မပြည့်သေးတဲ့ ​ညီညီနိုင်ကိုတော့ ​မိတ္ထီလာမြို့နယ် ​ကလေးသူ ​ငယ်တရားရုံးက ​လူသတ်မှုကို ​အားပေးကူညီမှုနဲ့ ​ထောင်ဒဏ် ​၇နှစ်ကျခံဖို့ ​အမိန့်ချမှတ်ခဲ့ပါတယ်။

မိတ္ထီလာမြို့မှာဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခတွေကြောင့် ​မိတ္ထီလာမြို့နယ်အတွင်းက ​မြို့နယ် ​၄မြို့မှာထုတ်ပြန်ခဲ့တဲ့ ​သမ္မတရဲ့ ​ဥပဒေကဲ့သို့အာဏာတည်တဲ့အမိန့်ဟာ ​ရက်ပေါင်း ​၆၀ပြည့်သွားပြီးဖြစ်တဲ့အတွက် ​ပြည်ထောင်စုလွှတ်တော်ခေါ်ယူခဲ့ပြီး ​အမိန့်ကို ​နောက်ထပ် ​ရက်ပေါင်း ​၆၀ ​ထပ်မံတိုးဖို့ ​လွှတ်တော်က ​မေလ ​၂၁ရက်နေ့မှာ ​အ ​တည်ပြုလိုက်တယ်လို့ ​သိရပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ​လွှတ်တော်ကိုယ်စားလှယ် ​၁၃ဦးက ​ဆွေးနွေးခဲ့ကြပြီး ​လွှတ်တော်က ​မဲခွဲပြီး ​အတည်ပြုဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ ​လွှတ်တော်မှာ ​ထောက်ခံဆွေးနွေးခဲ့တဲ့ ​အမျိုးသား ​လွှတ်တော် ​ကိုယ်စားလှယ် ​ဒေါက်တာအေးမောင်က ​အခုလိုပြောပါတယ်။

“တည်ငြိမ်အေးချမ်းနေပြီဆိုပေမဲ့လည်း ​လွတ်တော် ​ခေါ်တဲ့ ​အကြောင်းရင်းကတော့ ​ရက်ပေါင်း ​၆၀ကြာတဲ့အခါမှာ ​နိုင်ငံတော်သမ္မတထုတ်ပြန်တဲ့ ​ဥပဒေကဲ့သို့ ​သော ​အာဏာတည်တဲ့အမိန့်ကို ​ကျနော်တို့ ​ပြည်ထောင်စုလွှတ်တော်က ​အတည်ပြုပေးဖို့ ​လိုပါတယ်၊ ​ကျနော်တို့က ​ကာလသတ်မှတ်ပေးရပါတယ်၊ ​လက်ရှိကာလကို ​သတ်မှတ်မလား၊ ​နောက်ရက်ပေါင်း ​၆၀ ​တိုးမလားဆိုတဲ့အခါမှာ ​နောက် ​ရက်ပေါင်း ​၆၀ ​တိုးပေးခြင်းအားဖြင့် ​ပိုပြီးတော့ ​ဆီလျော်သင့်တော်မယ်ဆိုပြီး ​ဆုံးဖြတ်ခဲ့လို့ပါ။”

သမ္မတထုတ်ပြန်ခဲ့တဲ့ ​ဥပဒေကဲ့သို့ ​အာဏာတည်တဲ့အမိန့်ဟာ ​မိတ္ထီလာခရိုင်းအတွင်းက ​မြို့နယ် ​၄မြို့နယ်မှာပဲ ​ထုတ်ပြန်ခဲ့တာဖြစ်ပြီး ​ကျန်တဲ့ဒေသတွေမပါဝင်ဘူးလို့လည်း ​ဒေါက်တာအေးမောင်က ​ပြောတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: