Wednesday, May 22, 2013

US နှင့် UK မပါဘဲ အစိုးရနှင့် KIO မေလကုန်ပိုင်း မြစ်ကြီးနား တွင် တွေ့ဆုံမည်

KNG

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ လာမည့် မြစ်ကြီးနားမြို့ တွေ့ဆုံဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် US နှင့် UK အစား တိုင်းရင်းသားလက်နက်ကိုင် ၉ ဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

မေလ နောက်ဆုံးပတ် ပြန်လည်တွေ့ဆုံမည့် အစိုးရနှင့် KIO ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် KIO ဘက်မှ ဖိတ်ခေါ်ထားသော နိုင်ငံတကာ လေ့လာသူအဖြစ် တရုတ်အစိုးရနှင့် US၊ UN၊ UK တို့မှ US နှင့် UK တို့ တက်ရောက်နိုင်မည် မဟုတ်သောကြောင့် ၎င်းတို့အစား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၉ ဖွဲ့တို့ကို KIO မှ ပြန်လည် ဖိတ်ခေါ်လိုက်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးခပရာ ခွန်းအောင် (Hka Pra Hkun Awng) က ပြောသည်။

“KIO အနေနဲ့က နိုင်ငံတကာ လေ့လာသူအားလုံးကို ပါဝင်ခိုင်းချင်တာဟုတ်တယ်။ ဒါပေမဲ့ US နဲ့ UK က ဒီတစ်ခါ မပါဝင်နိုင်တော့တဲ့ အခြေအနေမို့လို့ သူတို့အစား တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုဖြစ်တဲ့ အဖွဲ့ ၉ ဖွဲ့ကို ပြန်ခေါ်လိုက်တာဟုတ်တယ်။ တရုတ်ပါမယ်။ UN ပါမယ်။ KIO တွေခေါ်တာကို အစိုးရကလဲ သဘောတူတယ်”
ပါဝင်တက်ရောက်မည့် လက်နက်ကိုင်အဖွဲ့အစည်း ၉ ဖွဲ့တို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုးအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NNSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ‘၀’ ပြည်သွေးစည်းညီညွတ် ရေးပါတီ (UWSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ (RCSS)၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) တို့ဖြစ်သည်။

ယခုတွေ့ဆုံမည့်ဆွေးနွေ့ပွဲတွင် KIO ဘက်မှ ဦးဆွမ်လွတ်ဂမ် ဦးဆောင်၍ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်နှင့် ကိုယ်စားလှယ်များနှင့် အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ပြီး တွေ့ဆုံမည့်ရက်ကို အတိအကျ မသတ်မှတ်နိုင်သေးကြောင်း ဦးခပရာ ခွန်းအောင်က ပြောသည်။

“သတင်းတွေမှာတော့ ၂၈ ရက်နေ့ဆိုပြီး ပြောထားကြတယ်။ မေလ နောက်ဆုံးပတ်မှာ လုပ်မှာတော့ သေချာပြီ။ ဒါပေမဲ့ ဘယ်နေ့ဆိုတာက ပြောလို့မရသေးဘူး။ ၂၈ နဲ့ လကုန်ကြားတွေမှာ ဖြစ်မယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုတော့ ၂၇ ရက်နေ့ ရောက်အောင်ဆိုပြီးတော့ ခေါ်ထားတာဟုတ်တယ်။”
ယခုအကြိမ်တွေ့ဆုံမှုကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မနောကွင်း မဂျွယ်ခန်းမဆောင် (Majoi Gawknu) တွင် ပြုလုပ်မည်ဖြစ်ပြီး KIO ကိုယ်စားလှယ်များ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) တို့မှ စုပေါင်းတာဝန်ယူပေးရန် ပြင်ဆင်နေကြောင်း သိရသည်။

ထိုသို့အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများညှိနှိုင်းနေသော်လည်း အစိုးရတပ်များသည် ရှမ်းပြည်မြောက်ပိုင်းတို့တွင် ပို၍ ထိုးစစ်ဆင်လှုပ်ရှားမှုများရှိနေခြင်းကြောင့် တစ်ဖက်တွင်ဆွေးနွေးမှုများပြုလုပ် နေသော်လည်း တစ်ဖက်တွင် အခြေအနေအရ ပစ်ခတ်မှုများရှိနေမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးမှုအပေါ် အောင်မြင်မှု မအောင်မြင်မှုသည် အစိုးရအပေါ်မှာပဲ မူတည်ကြောင်း တပ်မဟာ ၄ အထက်ပိုင်း KIA အရာရှိ တစ်ဦးကပြောသည်။

“အဓိကတော့ ကျနော်တို့ တင်ပြတာတွေကို အစိုးရတွေ လက်ခံပြီး နိုင်ငံရေးဆွေးနွေးမှုရှိလာရင်တော့ အကောင်းဘက်ရောက်လာမှာပဲ။ အခုက သိန်းစိန်အစိုးရက ငြိမ်းချမ်းရေးကိုပဲပြောနေပြီးတော့ တပ်ပိုင်း အနေနဲ့တော့ ကုန်အောင်တိုက်ပစ်မယ်ဆိုတဲ့နည်းလမ်းကိုင်နေတာပဲ။ အဲဒါကြောင့် အခုရှမ်းပြည်မြောက်ပိုင်း KIO တွေရဲ့နယ်မြေတွေမှာ KIA အနေနဲ့ ထပ်ပြီးအခြေမစိုက်နိုင်အောင် နေလို့မရအောင် ကချင်ပြည်ကိုပြန် သွားပါစေဆိုတဲ့ နည်းလမ်းနဲ့လုပ်နေတာဟုတ်တယ်။ အခုဒီဘက်မှာ သူတို့တပ်အင်အားတွေ အများကြီးပဲ အရင်ထက်ပိုပိုဆိုးလာတယ်။”
ယခုတကြိမ်တွေ့ဆုံမှုတွင် တပ်နေရာချထားရေးနှင့် နိုင်ငံရေးဆွေးနွေးမှုနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ် ကြောင်းနှင့် မည်သည့်အဆင့်ထိ အောင်မြင်မည်ကိုလဲ ဆွေးနွေးသွားသည့်အချိန်အတွင်း နှစ်ဖက် မည်မျှ လောက်ယုံကြည်မှု သဘောတူ တည်ဆောင်သွားခြင်းအပေါ် မူတည်မည်ဟု ဦးခွန်းအောင် က ပြောသည်။

အစိုးရနှင့် KIO ကြား ပြီးခဲ့သည့် တရုတ်နိုင်ငံ ရွှေလီမြို့ မတ်လ ၁၁ ရက်နေ့ဆွေးနွေးပွဲတွင်နောက်ထပ် ဧပြီလ (၁၀) နေ့မတိုင်မီ ပြန်လည် ကျင်းပရန်သဘောတူထားသည့်အတိုင်း ဧပြီ (၆) ရက်နေ့တွင်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း တရုတ်အစိုးရမှ ကုလသမဂ္ဂနှင့် ဗြိတိန်နိုင်ငံ၊ အမေရိန်ကန်နိုင်ငံများ ပါဝင်ဆွေးနွေးမည်ကို မလိုလား ကန့်ကွက်ခြင်းကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ကချင်အဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေငြာချက်တွင် ပြောဆိုခဲ့သည်။

No comments: