Thursday, May 16, 2013

ဘူးသီးတောင် ပညာရေးဌာနတွင် ပင်စင်သမားများအား ထောက်ပံ့ငွေနှင့် အသေးသုံးငွေကိစ္စ မကျေလည်မှုဖြစ်နေ

အာရ်ကန်တိုင်းမ်စ်

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ် ပညာရေးဌာနတွင် မြို့နယ်အတွင်း အငြိမ်းစားယူထားသော ပညာရေးဝန်ထမ်း မိသားစု သာရေးနာရေးအတွက် ပညာရေးဌာနမှ ကောက်ယူနေသော ထောက်ပံ့ငွေနှင့် နိုင်ငံတော် အစိုးရမှ မြို့နယ်ရုံးနှင့် ကျောင်းများအား ချပေးထားသော အသေးသုံးငွေကိစ္စ မကျေလည်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

" မြို့နယ် ပညာရေးမှူးရုံးက ပညာရေးဝန်ထမ်းမိသားစုတွေ သာရေးနာရေးအတွက် ထောက်ပံ့ငွေ တစ်ထောင်စီ သတ်မှတ်ထားပါတယ်။ အဲဒါကို ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်လတွေမှာ ၂၀၀၀ စီဖြတ်တယ်၊ နောက်ပြီး ကျောင်းမှ အသေးသုံးအတွက် နိုင်ငံတော်က ချပေးထားတဲ့ ဘဏ္ဍာငွေကိုလည်း အပြည့်အ၀မပေးဘူး၊ အမျိုးမျိုးအကြောင်းပြပြီး ဖြတ်ယူထားပါတယ်။ ဒါကြောင့် ကျနော်တို့ တိုင်စာပို့ထားပါတယ်။ " ဟု အမည်မဖော်လိုသူ ကျောင်းအုပ်ဆရာကြီး တစ်ဦးက ပြောသည်။

အဆိုပါ ပညာရေးဌာနတွင် အငြိမ်းစားထောက်ပံ့ကြေးငွေနှင့် အသေးသုံးငွေကိစ္စနှင့် ပတ်သက်၍ စီစစ်ဆောင်ရွက်ပေးရန် ဘူးသီးတောင်မြို့နယ်ရှိ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများမှ လက်မှတ်ရေးထိုးကာ အချက် ၂၆ ချက်ပါဝင်သည့် တိုင်ကြားစာ တစ်စောင်အားအမှတ် (၁) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ထံသို့ မေလ အစောပိုင်းက ပေးပို့ခဲ့ကြောင်း သိရသည်။

တိုင်ကြားစာတွင် ပင်စင်ယူသွားသည့် ၀န်ထမ်းများအတွက် ထောက်ပံ့ငွေ ဆရာ/ဆရာမ တစ်ဦးထံမှ တစ်လလျှင် ၂၀၀၀ ကျပ်စီ ကောက်ခံသော်လည်း ပင်စင်ယူသွားသူတို့အား ၁၀၀၀ ကျပ်သာလျှင် ပေးနေသည့် ကိစ္စ၊ ၃၀. ၄. ၂၀၁၃ ရက်နေ့က တံဆိပ်ခေါင်းအတွက် လစာငွေထဲမှ ၅၀၀ ဖြတ်တောက်သည့်ကိစ္စ၊ နိုင်ငံတော် အစိုးရမှ ထုတ်ပေးသော ပထမဆုံးအကြိမ် အသေးသုံးငွေကို ဘူးသီတောင်မြို့ အထက ကျောင်းအနောက်ဘက် တောင်ထိပ်ပေါ်တွင် ဘုရားတဆူအား တည်ထားသည့်ကိစ္စ၊ ပညာရေးဝန်ကြီးဌာနမှ ချီးမြှင့်သော အသေးသုံးငွေကို ရခိုင်ပြည်နယ်တွင် တခြာသော ၁၆ မြို့နယ်ရှိ ထ/လယ်/မူ အခြေခံကျောင်းများအားလုံးအား ၂၀၁၃ မတ်လ ၃၁ ရက်နေ့နောက်ဆုံးထား၍ သုံးကြိမ်စလုံးအတွက် ထုတ်ပေးပြီးဖြစ်သော်လည်း ဘူးသီးတောင်မြို့နယ်တွင် ယနေ့အထ တတိယအကြိမ် အသေးသုံးငွေအား မထုတ်ပေးသေးသည့်ကိစ္စ၊ ဒုတိယအကြိမ် အသေးသုံးငွေ ထုတ်ပေးသောအခါ၌လည်း အပြည့်အ၀မပေးဘဲ အချိုးအစားအလိုက် ဖြတ်တောက်ယူထားသောကိစ္စ စသည့် အသေးစိတ်အချက် အလက် ၂၆ ချက်ပါဝင်သည်။

" ယခင်က ကျနော်တို့မြို့နယ်တွေမှာ ရန်ပုံငွေမရှိတဲ့အတွက် အရမ်းအခက်အခဲရှိပါတယ်၊ အစည်းအဝေးထိုင်းပြီး မြို့နယ်၏ ကုန်ကျငွေတွေကို လစာထဲက ဖြတ်ယူရတယ်၊ လိုအပ်ရင် အကြွေးထားပြီး နောက်လအတွက် ပေါင်းယူရတယ်၊ နောက်ပိုင် မြို့နယ် ရုံးတွေ၊ ကျောင်းတွေကိုလည်း နိုင်ငံတော်က အသေးသုံးငွေတွေ ချပေးလာတဲ့အတွက် ၀န်ထမ်းလစာက ဖြတ်တောက်ယူခြင်းကို ဖျက်သိမ်းလိုက်တယ်၊ လက်ရှိ တစ်လလျှင် ၂၀၀၀ ကျပ်နှုန်းကောက်ယူနေတာက အငြိမ်းစားလစာ ထောက်ပံ့ငွေ ကောက်ခံဖို့အတွက် လွန်ခဲ့တဲ့ သုံးလခန့်က မူလတန်း ကျောင်းအုပ်ဆရာကြီးတွေနဲ့ အစည်းအဝေးထိုင်ပြီး EC အဖွဲ့ ဖွဲ့ခဲ့ကြတယ်။ တစ်လကို ၂၀၀၀ ကောက်ဖို့အတွက် အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြတယ်၊ ရန်ပုံငွေကိုလည်း ရုံးက လက်ခံတာမဟုတ်ပါ၊ EC ကပဲကိုင်တာပါ၊ ၀န်ထမ်းမိသာစုတွေ သာရေး၊ နာရေးကိစ္စတွေကို EC ကပဲ စီမံခန့်ခွဲပါတယ်။ " ဟု ဘူးသီးတောင်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးတင်အောင်မိုးက ပြောသည်။

ဘူးသီးတောင်မြို့နယ် ပညာရေးဌာနတွင် သင်ကြား၊ စီမံဝန်ထမ်းဦးရေ စုစုပေါင်း ၁၁၂၅ ဦးရှိပြီး ပြီးခဲ့သည့်ဇန်နဝါရီ၊ ဖေဖေါ်ဝါရီနှင့် မတ်လများအတွင်း လစာငွေဖြတ်တောက်မှုများကြောင့် မြို့နယ်ပညာရေးမှူးအား ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးက သတိပေးဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းခဲ့သော်လည်း ယခု ဧပြီလတွင်လည်း ဖြတ်မြဲဖြတ်နေဆဲ ဖြစ်သဖြင့် ထိရောက်စွာ အရေးယူပေးရန် အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ တိုင်ကြားရန် တိုင်းကြားရခြင်းဖြစ်ကြောင်း သိရသည်။

No comments: