Monday, May 20, 2013

ဟူးကောင်းချိုင့်ဝှမ်း မီးဘေးသင့် ဒုက္ခသည်များအတွက် အကူအညီ လိုအပ်နေ

KNG

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသရှိ ဝါရာဇွပ်ကျေးရွာ မီးလောင်ခဲ့မှုကြောင့် မီးဘေးသင့် ဒုက္ခသည်များအတွက် ရေထိုင်စရာနေရာများနှင့် ကျောင်းသားများ၏ ကျောင်းသုံးကိရိယာများအတွက် အကူအညီလိုအပ်နေကြောင်း သွားရောက်ကူညီိခဲ့သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ Rev . Dr. Hkalam Sam Sun ပြောသည်။

“သူတို့လောင်သွားတဲ့ ကိုယ့်အိမ်ခြံနေရာမှာပဲ ယာယီဝါးတဲပြန်ဆောက်ပြီး နေကြတယ်။ တဲကတော့ သွပ်အိမ်နဲ့ လောင်သွားတဲ့သူတွေက အဲဒီသွပ်ဟောင်းကိုပြန်မိုးကြတယ်။ သက်ကယ်နဲ့လောင်သွားတဲ့သူတွေက သူများလာကူညီတဲ့ ပလတ်စတိတ်မိုးကာနဲ့မိုးပြီး နေကြတယ်။ အခုမိုးလဲရွာလာပြီဆိုတော့ အဓိက သူတို့ရဲ့ နေစရာနဲ့ ကျောင်းလဲဖွင့်လာပြီ ဆိုတော့ ကျောင်းသားတွေရဲ့ အ၀တ်အစား၊ စာအုပ်တွေအများကြီး လိုနေတယ်။”


၎င်း ၀ါရာဇွပ်ကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က ဝါရာဇွပ်ကျေးရွာ အထက်ရှိ ယုဇန ကုမ္ပဏီ သိမ်းယူထားပြီး ခုတ်လှဲထားသော မျက်ခြုံများကို မီးရှို့ရာမှ ဝါရာဇွပ်ကျေးရွာထဲသို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး အိမ်ခြေ ၄၉ လုံးနှင့် ဒေသခံများ ပိုင်ဆိုင်သောအိမ်မွေးတိစ္ဆာန်များ ပါသွားပြီး လူဦးရေ ၂၀၀ ခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ဒေါ်ဘောက်ဂျာက ပြောသည်။

“အရင်က ပြည်သူတွေဆီက သိမ်းယူထားတဲ့နယ်မြေခြံတိုင်းမှာ သစ်ပင်တွေကို ခုတ်လှဲထားတယ်။ အဲဒီနေရာတိုင်းမှာတော့ သူတို့မ၀င်နိုင်တဲ့ မလုပ်နိုင်တဲ့နေရာတွေမှာ မီးလိုက်ရှို့တယ်။ မီးရှို့ထားပြီး ငြိမ်းမငြိမ်းတော့ပြန်မကြည့်ဘူး ထင်တယ်။ သူတို့မီးရှို့ထားတဲ့နေရာနဲ့ ရွာက ကပ်ရပ်ပဲ။ အဲဒီကနေ လေပြန်တိုက်တော့ ရွာထဲက အိမ်တွေမှာ လောင်သွားတာ။”

မီးလောင်မှုနှင့် ပတ်သက်ပြီး ဒေသခံများက ယူဇန ကုမ္ပဏီကို မကျေမနပ်ဖြစ်နေကာ အထက်သို့တိုင်ကြား ချင်သော်လည်း ရွာလူကြီးမှ တောမီးလောင်ခြင်းမှဖြစ်သည်ဟု ပြောဆိုထားခြင်းကြောင့် မတိုင်ကြားပဲနေနေ ကြောင်းနှင့် ဒေသခံများမှ သဘောတူလက်မှတ်ထိုးပါက တင်ပြတောင်းဆိုပေးမည်ဖြစ်ကြောင်း ဒေါ်ဘောက်ဂျာကပြောသည်။

“သူတို့က မကျေနပ်ဘူးပြောတယ်လေ။ ဒါပေမဲ့ ရွာလူကြီးကိုယ်တိုင် အမှိုက်မီးရှို့ပြီးဖြစ်တာပဲ ဆိုပြီးပြော ထားတဲ့အတွက်ကြောင့် သူတို့လဲကြောက်တာနဲ့ဆိုတော့ ဘာမှမလုပ်ရဲဘူးဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်သူတို့ အနေနဲ့ အခုဒီမီးလောင်လာတာက ယုဇန နေရာကနေ လောင်လာတယ်ဆိုတော့ ယဇန ကုမ္ပဏီမှာ တာဝန်ရှိတယ် ဆိုတာလောက်တော့ နင်တို့ရဲရဲလက်မှတ်ထိုးတယ်ဆိုရင်တော့ ကျန်တဲ့ဟာတွေက ဆက်ပြီးလုပ်ပေးမယ်လို့ သူတို့ကိုတော့ပြောထားတယ်။ အစည်းအဝေးလုပ်မယ်ဆိုပြီး ပြောတယ်။”

သူကဆက်ပြီး “သူတို့သဘောတူလက်မှတ်ထိုးပြီဆိုရင်တော့ ကချင်ပြည်နယ် ၀န်ကြီးဆီမှာ အရင်အကြောင်းကြားတင်ပြမယ်။ ဒီဟာကို ဖြေရှင်းပေးဖို့ပေါ့နော်။ ရွာကလူတွေ မီးလောင်သွားလို့ အိမ်လဲမရတော့ဘူး။ နေရာတိုင်းမှာ ကျရှုံးနေပြီ အဲဒါကြောင့် ဘာလုပ်ပေးနိုင်မလဲ အဲဒါတွေကို အရင်တင်ပြပေးမယ်။ ရွာကလူတွေလဲ တချို့က ယုဇနကုမ္ပဏီဘက်ကိုပါတာတွေလဲရှိတယ်လေ အဲဒါကြောင့် ခက်နေတာပေါ့။”

ယခုချိန် မီးဘေးသင့် ဒုက္ခသည်များ၏ အစားအသောက်အတွက် ဖားကန့်မြို့နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အမျီုးသားဒီမိုကရေစီအင်အားစု (NDF)နှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) တို့က ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေပြီး အကူအညီများ ဆက်လက်လိုအပ်နေကြောင်း သိရသည်။

No comments: